ယခုကမ္ဘာမှ ပြန်၍ရေတွက်လျှင် လွန်ခဲ့သော လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းအထက်ကာလတုံးက ဖြစ်သည်။ ဘုရားလေးဆူပွင့်တော်မူသည့် ဝရကမ္ဘာကြီးတွင်
တဏှင်္ကရာမြတ်စွာဘုရား၊ မေဓင်္ကရာမြတ်စွာဘုရားနှင့် သရဏင်္ကရာမြတ်စွာဘုရားရှင်တို့ အစဉ်တိုင်း
ပွင့်ထွန်း၍ ပရိနိဗ္ဗာန်ဝင်စံပြီးနောက် လူတို့သက်တမ်း အသင်္ချေတမ်းမှ တစ်သိန်းတမ်း (၁၀၀၀၀၀)
သို့ ပြန်လည်ရောက်ရှိနေချိန်လည်း ဖြစ်သည်။ အမရဝတီနေပြည်တော်တွင် အမိဘက်နှင့်
အဖဘက်နှစ်ဘက်လုံးမှ မျိုးရိုးစဉ်ဆက် ချမ်းသာကြသော မိသားစုတစ်စုတွင် သုမေဓါဟု အမည်ရသော
ပုဏ္ဏားလုလင်သားတစ်ယောက် ရှိလေသည်။ ဉာဏ်ပညာကြီးမားသဖြင့် လူတို့တက်အပ်သော
ပညာဟူသမျှ တစ်ဘက်ကမ်းခတ် တတ်မြောက်သူလည်းဖြစ်သည်။ သုမေဓါလုလင်၏ မိဘဆွေမျိုးများ
ကွယ်လွန်သွားကြသောခါ ရှိသမျှ ဥစ္စာပစ္စည်းများ အားလုံးကို သုမေဓါလုလင်အား
အမွေဆက်ခံရန်အတွက် အပ်ကြသောအခါ သုမေဓါက သူ၏ဆွေမျိုးမိဘများသည် ဥစ္စာများကို
ရှာသာရှာတတ်ကြ၍ ယူမသွားနိုင်ကြဘဲ သေလွန်သွားကြသည်ကို သံဝေဂပြင်းစွာရကာ ဥစ္စာများကို
ယူသွားမည်ဟု အဓိဋ္ဌာန်ချက်ချပြီး ရှိသမျှ ကုဋေများစွာသော ဥစ္စာပစ္စည်းများကို
အကုန်စွန့်ကြဲ၍ တောသို့ဝင်ကာ ရသေ့ဝတ်၍ နေလေသည်။ ထိုအခါ သိကြားမင်းက
ထိုသုမေဓါပညာရှိ နေနိုင်ရန်အတွက် နှစ်လိုဖွယ်ကောင်းသော ကျောင်းကို ဆောက်လုပ်
လှူဒါန်းလေသည်။ သုမေဓါရသေ့သည်လည်း ထိုမွေ့လျော်ဖွယ်ကောင်းသော ကျောင်းတွင်
တစ်ရက်သာနေ၍ သစ်ပင်ရင်းသို့ကပ်ကာ ရသေ့တို့၏အကျင့်များ အားလုံးတွင် အမြတ်ဆုံး အကျင့်သို့
တဖြည်းဖြည်း ကျင့်ဆောင်လေသည်။ ဝီရိယအားကြီးသော ထိုရသေ့သည်
တရားကို ပြင်းစွာအားထုတ်သဖြင့် ၇ ရက်အတွင်း ဈာန်အဘိညာဉ်များကို ရတော်မူသဖြင့်
ဈာန်ချမ်းသာဖြင့်သာ တောထဲတွင် မွေ့လျော်၍ နေလေသည်။
ထိုအချိန်တွင် တုသိတာနတ်ပြည်၌ ဘုရားဖြစ်ရန်အတွက် ပါရမီရင့်သန်တော်မူပြီးဖြစ်သော
အလောင်းတော်နတ်သားသည် ဘုရားဖြစ်ရန်အတွက် နတ်ဗြဟ္မာများ၏ တောင်းပန်ချက်ကြောင့်
ကြည့်ခြင်းငါးပါးဖြင့် ကြည့်တော်မူပြီးအဆုံး ဘုရားဖြစ်ချိန်တန်ကြောင်း သိသဖြင့် တုသိတာနတ်ပြည်မှ
ရမ္မာဝတီမြို့တော်ရှိ သုဒေဝမင်းကြီး၏ အဂ္ဂမဟေသီမိဖုရားခေါင်ကြီးဖြစ်သော သုမေဓာမိဖုရားကြီးထံတွင်
ပဋိသန္ဓေယူတော်မူလေသည်။ ၁၀ လစေ့သောအခါ ဖွားမြင်တော်မူ၍ ဒီပင်္ကရာမင်းသားဟု
အမည်ပေးကြလေသည်။
အရွယ်ရောက်လာသောအခါ ထီးနန်းစည်းစိမ်ကို ပဒုမာမိဖုရားနှင့်အတူ အနှစ် တစ်သောင်း (၁၀၀၀၀)
ပတ်လုံး စံစားတော်မူလေသည်။ ထို့နောက် ဒီပင်္ကရာမင်းသားသည် သူအို၊ သူနာ၊ သူသေ စသော
နိမိတ်ကြီးလေးပါးတွင် သုံးပါးကို မြင်တော်မူပြီးနောက် ဥယျာဉ်ကစားထွက်ရန် ဆင်ဝန်ကို ခေါ်ပြီး
ဆင်ပေါင်း ၈၄၀၀၀ တို့ကို ဆင်ယင်ကာ ဥယျာဉ်ကစားထွက်သော ထိုနေ့တွင် ရဟန်းနိမိတ်ကိုမြင်သဖြင့်
ထိုဥယျာဉ်တော်တွင်းရှိ နှစ်သက်ဖွယ်ကောင်းသော ကျောက်ဖျာထက်တွင် ထိုင်လျက်
ရဟန်းပြုချင်စိတ်များ ဖြစ်ပေါ်လာလေသည်။ ထိုအချိန်တွင် မိဖုရားကြီးမှ သားတော်ဥသဘက္ခန္ဓမင်းသားကို
ဖွားမြင်လေသည်။ ထိုအခါ သုဒ္ဓဝါသဗြဟ္မာ့ဘုံမှ ရဟန္တာဗြဟ္မာကြီးသည် ဒီပင်္ကရာမင်းသား
ရဟန်းပြုချင်စိတ် ဖြစ်ပေါ်ကြောင်း သိသဖြင့် သင်္ကန်းပရိတ်ခရာရှစ်ပါးကို အလောင်းတော်မင်းသားအား
ဆပ်ကပ်လေသောအခါ ထိုသင်္ကန်းများဖြင့်ပင် ဥယျာဉ်တော်တွင်း၌ ရဟန်းပြုတော်မူလေသည်။
ထိုသတင်းကို ကြားကြသော လူယောက်ျားတစ်ကုဋေတို့သည်လည်း အတုလိုက်၍ ရဟန်းဝတ်ကြလေသည်။
ဒုက္ကရစရိယာအကျင့်ကို ဆယ်လကြာအောင် ကျင့်တော်မူပြီးနောက် ဘုရားဖြစ်မည့် ကဆုန်လပြည့်
နံနက်ပိုင်းအချိန်သို့ ရောက်သောအခါ မြို့တခုသို့ ဆွမ်းခံဝင်တော်မူလေသည်။ ထိုအခါ မြို့ပေါ်ရှိ
လူအများတို့သည် နတ်များကို ပူဇော်ရန် ရည်စူးထားသော နို့ဃနာဆွမ်းများကို အလောင်းတော်နှင့်တကွ
ရဟန်းတော်တစ်ကုဋေကို ဆပ်ကပ်လှူဒါန်းကြလေသည်။ အလောင်းတော်ဒီပင်္ကရာရဟန်းသည်လည်း
ထိုနို့ဃနာဆွမ်းကို ဘုန်းပေးပြီးနောက် ညနေချမ်းအချိန်တွင် အခြံရံများအားလုံးကို စွန့်ခွာကာ
မဟာဗောဓိပင် (ညောင်ကြပ်ပင်) သို့ တစ်ပါးတည်း ကြွသွားတော်မူရာ လမ်းခရီးအကြားတွင်
သုနန္ဒတက္ကတွန်းက သဒ္ဓါကြည်ညိုသဖြင့် မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
ဝီရိယကြီးမားသော အလောင်းတော်သည် ဖြည့်ကျင့်ခဲ့သော ပါရမီကုသိုလ်များဖြင့်
မာရ်နတ်ရန်ကို အောင်တော်မူပြီးနောက် ညဥ့်ဦးယံအချိန်တွင် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊
သန်းခေါင်ယံအချိန်တွင် ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံတွင် အာသဝက္ခယဉာဏ်တော်ကြီးနှင့်အတူ
သဗ္ဗညုတဉာဏ်တော်ကြီးကိုပါ တပါတည်း တွဲ၍ရတော်မူကာ ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
မဟာဗောဓိ ညောင်ကြပ်ပင် ဝန်းကျင်တွင် သတ္တသတ္တာဟ စံနေတော်မူပြီးနောက်
တရားဦးဟောရန်အတွက် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို ဝန်ခံတော်မူကာ သုနန္ဒာရာမအရပ်၌
ဓမ္မစကြာဒေသနာတော်ကို ဦးစွာပထမ ဟောကြားတော်မူလေသည်။ ဒီပင်္ကရာမြတ်စွာဘုရားရှင်၏
အဂ္ဂသာဝကမထေရ်မြတ် နှစ်ပါးမှာ သုမင်္ဂလမထေရ်နှင့် တိဿမထေရ်တို့ ဖြစ်ပြီး အလုပ်ကျွေး
ရဟန်းတော်မှာ သာဂတမထေရ်ဖြစ်လေသည်။ နန္ဒာရာမဥယျာဉ်တော်တွင်း၌ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း
ဘဝဘုံဇာတ်သိမ်းတော်မူကာ အဓိဋ္ဌာန်ချက်ကြောင့် ဓါတ်တော်များမှာ အစုတည်းအဖြစ် တည်ရှိလေသည်။
ဒီပင်္ကရာမြတ်စွာဘုရားရှင်လက်ထက် ထူးခြားချက်မှာ ထိုမြတ်စွာဘုရားရှင် လက်ထက်တော်၌
အရဟတ္တမဂ်ကို ရအောင် ကျင့်ဆဲဖြစ်သော သောတပန်ပုဂ္ဂိုလ်သည်ပင်
ကဲ့ရဲ့ဖွယ် ကောင်းခြင်းဖြစ်လေသည်။ သာမန်လူများအဖို့ ဆိုဖွယ်ရာပင် မရှိတော့လောက်အောင်
ကျွတ်တမ်းဝင်ကြသော ထိုအချိန်၌ ကျွန်ုပ်တို့ ဘယ်ချောင်မှာများ ခို၍နေသလည်း မသိပါ။
(ဒီပင်္ကရာမြတ်စွာဘုရား အလောင်းတော် ပဋိသန္ဓေယူသောနေ့၊ ဖွားသောနေ့၊ ဘုရားဖြစ်သောနေ့နှင့်
ဓမ္မစကြာဒေသနာ ဟောကြားသောနေ့တို့တွင် နိမိတ်ကြီး ၃၂ ပါး ဖြစ်သော်လည်း သုမေဓါရသေ့မှာ
ဈာန်ချမ်းသာဖြင့် မွေ့လျော်နေသဖြင့် ထိုအကြောင်းအရာများကို မသိပါချေ။)
ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် သတ္တဝါတို့၏ စရိုက်ကိုလိုက်၍ တရားဟောတော်မူကာ
ကျွတ်ထိုက်သူ ဝေနေယျများကို ချေချွတ်ရင်း ဒေသစာရီကြွတော်မူရာ ရမ္မာဝတီပြည်
သုဒဿနာကျောင်းတွင် သီတင်းသုံးနေချိန်။ ရမ္မာဝတီပြည်သူပြည်သားများက မြတ်စွာဘုရားအမှူးပြုသော
သံဃာတော်များအားလုံးကို ဆွမ်းလှူဒါန်းရန် ပင့်လျှောက်ကြသောအခါ မြတ်စွာဘုရားရှင်သည်
ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံတော်မူလေသည်။ ထိုအခါ မြို့သူမြို့သားတို့သည်လည်း
ဒီပင်္ကရာမြတ်စွာဘုရားရှင်နှင့် သံဃာတော်များ ကြွနိုင်ရန်အတွက် လမ်းခရီးကို ပြင်ဆင်နေကြလေသည်။
ထိုအခါ သုမေဓါရသေ့သည် ဈာန်ဖြင့် ကောင်းကင်ယံတွင် ကြွနေချိန်ဖြစ်ရာ ရမ္မာဝတီပြည်သူတို့
အလုပ်လုပ်နေသည်ကို မြင်သောအခါ မြေသို့သက်ဆင်း၍
အကြောင်းစုံကို မေးမြန်းလေသည်။ မြတ်စွာဘုရားရှင်ကြွတော်မူလာမည့် အကြောင်းစုံကို သိသောအခါ
သုမေဓါရသေ့သည်လည်း နှစ်သက်ပီတိဖြစ်လျက်
လမ်းပြင်ရန် နေရာကို ပြည်သူများထံ တောင်းလေသည်။ ဘုန်းတန်ခိုးကြီးသော ရသေ့ဖြစ်ကြောင်း
သိကြသဖြင့် ပြည်သူများသည် ပြင်ရန်ခက်ခဲသော နေရာကို သုမေဓါရသေ့အား ပေးသောအခါ
တန်ခိုးဖြင့် မပြုပြင်ဘဲ ကိုယ်တိုင်ပင် အပင်ပန်းခံကာ ပြုပြင်လေသည်။
ထိုအချိန်တွင် ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် ရဟန္တာလေးသိန်း ခြံရံလျက် ကြွတော်မူလာပြီ၊
သုမေဓါရသေ့ပြင်နေသော လမ်းနေရာမှာမပြီးသေး။ တင့်တယ်လှသော မြတ်စွာဘုရားရှင်၏
အသရေတော်ကို ဖူးမြင်ရင်း မိမိအသက်ပင် သေပါစေတော့၊ မြတ်စွာဘုရားရှင်သည် ညွန်ကိုနင်း၍
မကြွသွားစေရဟု ကြံကာ ညစ်ထေးလှသော ညွန်တောထဲတွင် အလျားမှောက်၍ နေလေသည်။
ထိုသို့ပြုလုပ်သည်ကို ပြည်သူများကြားတွင် ရပ်နေသော သုမိတ္တာဟု အမည်ရသည့် ပုဏ္ဏေးမပျိုသည်
သုမေဓါရသေ့ကို ကြည်ညိုစိတ်ဖြစ်ကာ မြတ်စွာဘုရားရှင်ကို လှူဒါန်းရန် ပါလာသော
ကြာပန်းရှစ်လက်တွင် ငါးလက်ကို ရသေ့အား လှူဒါန်းပြီး ကျန်သော သုံးလက်ကို မြတ်စွာဘုရားရှင်အား
လှူဒါန်းလေသည်။ သုမေဓါရသေ့သည်လည်း ယခုအချိန်တွင် ငါသည် သံသရာမှ လွတ်နိုင်ပါသော်လည်း
ပညာအားကြီးပြီး ဝီရိယအစွမ်းကို သိမြင်သော ငါလိုယောက်ျားမြတ်သည် တစ်ကိုယ်ကောင်းမဆန်အပ်။
ဒီပင်္ကရာမြတ်စွာဘုရားရှင်သကဲ့သို့ပင် သတ္တဝါများကို ချေချွတ်မည်ဟု ကြံကာ ထိုကြာပန်းငါးလက်ကို
လှူဒါန်းရသော ကုသိုလ်နှင့်အတူ ယခုပြုလုပ်ရသော ပရမတ္ထကုသိုလ်သည် ဘုရားဖြစ်ရာဖြစ်ကြောင်း
အထောက်ပံ့ကောင်းတွင် တည်ပါစေဟု ဆုတောင်းလေသည်။ ထိုဆုတောင်းသည် သာမညမဟုတ်ပါ။
သုမေဓါရသေ့တွင် နိယတဗျာဒိတ်ရရန် အင်္ဂါရှစ်ပါးဖြစ်သော ၁- လူဖြစ်ခြင်း၊
၂- ယောက်ျားစင်စစ်ဖြစ်ခြင်း၊ ၃- ကမ္မာဝါဒီရသေ့ဖြစ်ခြင်း၊ ၄- ဈာန်အဘိညာဉ်ရခြင်း၊ ၅-
သက်တော်ထင်ရှား ဘုရားရှင်ကို ဖူးတွေ့ရခြင်း၊ ၆- ဘုရားရှင်ရှေ့မှောက်တွင် ပရမတ္ထပါရမီမြောက်သော
(မိမိအသက်ထိ ဆုံးရှုံးနိုင်သော) ကုသိုလ်မျိုး ပြုလုပ်နေချိန်ဖြစ်ခြင်း၊ ၇- ဘုရားရှင်မှ သစ္စာလေးပါး
တရားကိုဟောမည်ဆိုပါက အလွန့်အလွန် လျှင်မြန်စွာဖြင့် ရဟန္တာဖြစ်နိုင်သော ပါရမီရှိခြင်း စသောအင်္ဂါ
၇ ပါးဖြင့် ပြည့်စုံနေပြီးဖြစ်သဖြင့် နောက်ဆုံး ၈ ချက်မြောက်ဖြစ်သော မိမိအသက်နှင့်
သံသရာရှည်မည်ကို ဂရုမစိုက်ပဲ သတ္တဝါအားလုံးအပေါ် မဟာကရုဏာနှင့်ယှဉ်ကာ ဘုရားအဖြစ်ကို
ဆုတောင်းခြင်း ဆိုတဲ့ အချက် ပါလိုက်တယ်ဆိုရင်ပဲ သုမေဓါရသေ့သည် ဘုရားဖြစ်ရန်လမ်းစဉ်ပေါ်သို့
အပြည့်ဝ သက်ရောက်သွားလေတော့သည်။
ထိုအကြောင်းအရာကို ကောင်းစွာသိတော်မူပြီးဖြစ်သော ဒီပင်္ကရာမြတ်စွာဘုရားရှင်သည်
သုမေဓါရသေ့အနားသို့ ကြွတော်မူကာ “ရဟန်းတို့၊ ကိုယ့်အသက်သေမှာကို ဂရုမစိုက်ပဲ ငါဘုရားနှင့်တကွ
သံဃာတော်တွေ ကြွနိုင်ဖို့ မိမိကိုယ်ကို လမ်းခင်းပြီးလှူနေတဲ့ ဒီရသေ့ကို ကြည့်ကြစမ်း၊ ဒီရသေ့ဟာ
သာမန်ရသေ့မဟုတ်ဘူး၊ အခုကမ္ဘာကနေ စပြီးရေတွက်ရင် မရေတွက်နိုင်အောင်
ရှည်လျားတဲ့ နောက်ထပ် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကို လွန်မြောက်တဲ့အခါ တစ်ခုသော
ဘဒ္ဒကမ္ဘာမှာ ဂေါတမဆိုတဲ့ ဘွဲ့အမည်နဲ့ ငါကဲ့သို့ပင် သဗ္ဗညုတဉာဏ်တော်ကိုရသော ဘုရားစင်စစ်
ဧကန်ဖြစ်လိမ့်မည်” ဟု နိယတဗျာဒိတ်ကို ပေးတော်မူလေသည်။ ထိုအခါ အနားတွင်ရှိသော
သုမိတ္တာပုဏ္ဏေးမသည်လည်း မိမိလက်တွင်ရှိသော ကြာငါးလက်ကို မြတ်စွာဘုရားရှင်ထံ လှူဒါန်းပြီးနောက်
ထိုရသေ့ ဘုရားဖြစ်ရန် ကျင့်ကြံနေချိန်တွင် ပါရမီကူညီ ဖြည့်နိုင်သူ ဖြစ်ရပါစေဟု ဆုတောင်းလေသည်။
ထိုအခါ ဒီပင်္ကရာမြတ်စွာဘုရားရှင်က “သင်သည် သုမေဓါရသေ့ကို ကူညီသော
ပါရမီဖြည့်ဖက်ဖြစ်၍ နောက်ဆုံးဘဝတွင် အရဟတ္တမဂ်္ဂကို ရလိမ့်မည်” ဟု ဗျာဒိတ် ပေးပြန်လေသည်။
ထို့နောက် မြတ်စွာဘုရားရှင်သည် သုမေဓါရသေ့၏ လက်ယာဘက်တွင် ခြေတော်ကိုချကာ
ရမ္မာဝတီပြည်သူတို့ ဖိတ်ထားသော အလှူသို့ ရဟန္တာလေးသိန်း ခြံရံလျက် ကြွတော်မူလေသည်။
ထိုအကြောင်းအရာကို ကြားကြသော ရမ္မာဝတီပြည်သူများနှင့် နတ်ဗြဟ္မာအပေါင်းတို့သည်
အလောင်းတော်သုမေဓာရသေ့ကို ကောင်းချီးထောပနာပြုကာ ပန်းများဖြင့် ပူဇော်ကြလေသည်။
သုမေဓာရသေ့သည်လည်း ဒီပင်္ကရာမြတ်စွာဘုရား ကြွသွားတော်မူရာ လမ်းကို မျက်စေ့တဆုံး ကြည့်၍
မမြင်နိုင်တော့သည့် အရပ်သို့ ရောက်သွားသောအခါ ညွန်မှထပြီးနောက် လူအများပူဇော်ထားသော
ပန်းပုံပေါ်သို့ တက်ကာ စဉ်းစားဆင်ခြင်သည်မှာ “မြတ်စွာဘုရားရှင်တို့သည် လွဲမှားသောစကား၊
မုသားစကားများ ဆိုရိုးမရှိ၊ ငါသည် ဧကန် ဘုရားဖြစ်မည့်သူ သေချာပေပြီ။ မြတ်စွာဘုရားသည် ငါ့ကို
ဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးသော်လည်း ဘယ်လိုကျင့်ရမည်ကို မမိန့်ဆိုခဲ့။ ငါသည် မိမိဉာဏ်ဖြင့်
ရှာမည်” ဟု ကြံကာ ပါရမီဆယ်ပါးကို သုံးသပ်လေသည်။ နိယတဗျာဒိတ်ကို ရပြီးချိန်တွင်
အလောင်းတော်တို့ ပါရမီကို ဆင်ခြင်သော ဉာဏ်မှာ
သဗ္ဗညုတဉာဏ်တော်၏ ရှေ့ပြေးပင် ဖြစ်တော့သည်။ အလောင်းတော် သုမေဓာရသေ့သည်လည်း
ဒါနပါရမီအစ ဥပေက္ခာပါရမီအဆုံး ပါရမီဆယ်ပါးလုံးကို အစုန်၊ အဆန်မက နည်းပေါင်းစုံဖြင့်
ဆင်ခြင်သုံးသပ်တော်မူလေသည်။ ပါရမီဆယ်ပါး အပြားသုံးဆယ်လုံး
ဆင်ခြင်ပြီးသောအခါ မြေငလျင်ပြင်းထန်စွာ လှုပ်၍ နိမိတ်ကြီး ၃၂ ပါး ထင်လေတော့သည်။
ထိုအချိန်တွင် ရမ္မာဝတီပြည်သူတို့သည် ဘုရားအမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်နေချိန်ဖြစ်ရာ
ငလျင်ကြောင့် ဆောက်တည်ရာမရ ဖြစ်ကြ၍ မြတ်စွာဘုရားရှင်ကို မည့်သည့်အကြောင်းကြောင့်
ယခုလိုငလျင်လှုပ်ကြောင်း မေးလျှောက်ကြလေသည်။ ထိုအခါ ဒီပင်္ကရာမြတ်စွာဘုရားရှင်က
သုမေဓါရသေ့သည် ပါရမီဆယ်ပါးလုံးကို ဆင်ခြင်ပြီးသဖြင့် ၃၂ ပါးသော နိမိတ်များ ထင်ကြောင်း၊
မည်သည့်ဘေးမှ မဖြစ်ကြောင်း ဟောကြားသောအခါ လူအများသည်လည်း သုမေဓာရသေ့အပေါ်
ကြည်ညိုစိတ်များ ပြန်ဖြစ်ကာ သုမေဓာရသေ့ထံသို့သွား၍ တဖန်ပူဇော်ကြပြန်လေသည်။
သုမေဓာရသေ့သည်လည်း နတ်လူများ ပူဇော်၍ ပြီးစီးသောအခါ ဘုရားဆုပန်ဆင်ခဲ့စဉ်က “တိဏ္ဏော
တာရေယျံ၊ မုတ္တော မောစေယျံ၊ ဗုဒ္ဓေါ ဗောဓေယျံ” ဆိုသည့် အကြံအတိုင်းပင် ဘုရားဖြစ်ရန်အတွက်
ပါရမီဖြည့်မည်ဟု စိတ်ဆုံးဖြတ်ကာ ဟိမဝန္တာတောသို့ ဝင်တော်မူလေသတည်း။
https://www.facebook.com/mudonwaingaung
creditဇော်ထက်မောင်
Friday, May 1, 2015
Home »
» " ဂေါတမမြတ်စွာဘုရားအလောင်းတော် ဒီပင်္ကရာမြတ်စွာဘုရားရှင် ထံတော်တွင် အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော နိယတဗျာဒိတ်ခံယူတော်မူခြင်း"
0 comments:
Post a Comment