ဗုဒ္ဓံ ဓမ္မံ သံဃံ









Friday, May 1, 2015

"ဂေါတမမြတ်စွာဘုရားအလောင်းတော် မင်္ဂလမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း"

ကောဏ္ဍညမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် ဘုရားမပွင့်သော သုညကမ္ဘာ
တစ်အသင်္ချေခြားပြီး တခုသောကမ္ဘာတွင် မင်္ဂလမြတ်စွာဘုရား၊
သုမနမြတ်စွာဘုရား၊ ရေဝတမြတ်စွာဘုရား၊ သောဘိတမြတ်စွာဘုရား ဆိုပြီး ဘုရားလေးဆူပွင့်သည့်ကမ္ဘာ၌
ပထမဦးဆုံးပွင့်တော်မူသည့် မြတ်စွာဘုရားရှင်မှာ မင်္ဂလမြတ်စွာဘုရား ဖြစ်ပါသည်။
မင်္ဂလမြတ်စွာဘုရားရှင်သည် ဝီရိယာဓိပတိအလောင်းတော်ဖြစ်သဖြင့် ၁၆ အသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ကျင့်တော်မူပြီး နောက်ဆုံး ဘုရားဖြစ်မည့်ဘဝတွင် ဥတ္တရမြို့ရှိ ဥတ္တရမင်းကြီး၏
ဥတ္တရာဒေဝီမိဖုရားကြီးထံတွင် ပဋိသန္ဓေယူလိုက်သည်နှင့် မယ်တော်မိဘုရားကြီးရဲ့ ကိုယ်ရောင်မှာ
အထက်ဝန်းကျင် အတောင်ရှစ်ဆယ်အတွင်း နေရောင် လရောင်မတိုး၊ မယ်တော်ကြီးသည် ထိုအချိန်မှစ၍
တခြားမီးအလင်းများကိုမသုံးရပဲ သူ့ရဲ့ ကိုယ်ရောင်နဲ့ပဲ ပြုဖွယ်ကိစ္စအလုံးစုံကို ပြုလုပ်ရပါတယ်။ သက်တမ်းမှာ
ကိုးသောင်းတမ်း (၉၀၀၀၀) ဖြစ်ပြီး အရွယ်ရောက်လာသောအခါ ယသဝတီသတို့သမီးနှင့် ထိန်းမြားပြီး
နန်းစည်းစိမ်ကို အနှစ် (၉၀၀၀) ကိုးထောင်ပတ်လုံး ခံစားပါတယ်။
ယသဝတီမိဘုရားကြီးမှ သားတော် သီဝလ မင်းသားကို ဖွားမြင်တော်မူပြီးနောက် နိမိတ်ကြီးလေးပါးကို မြင်ပြီး
အဏ္ဍရ အာဇာနည်မြင်းနှင့် တောထွက်ရဟန်းပြုသောအခါ သုံးကုဋေသော လူတို့သည်
အလောင်းတော်မင်းသားကို အတုလိုက်ပြီး ရဟန်းဝတ်ကြလေသည်။ ထို့နောက် အလောင်းတော်သည်
ဒုက္ကရစရိယကို ရှစ်လကျင့်ပြီးနောက် ဘုရားဖြစ်မည့် ကဆုန်လပြည့်မနက်ပိုင်းတွင် ဥတ္တရရွာသူ
ဥတ္တရာသူဌေးသမီးလှူဒါန်းသော ဃနာနို့ဆွမ်းကို ဘုန်းပေးပြီးနောက် အဲဒီနေရာတွင်ရှိ
အင်ကြင်းပင်တောတွင်းမှာပဲ နေ့သန့်တော်မူပြီး ညနေစောင်းသောအခါ အခြံရံတွေကို စွန့်ခွာပြီးနောက်
မဟာဗောဓိပင်သို့ တပါးတည်း ကြွသွားတော်မူသောအခါ ဥတ္တရတက္ကတွန်းလှူဒါန်းသော မြက်ရှစ်ဆုပ်ကို
အလှူခံတော်မူပါတယ်။
အလောင်းတော် ဘုရားဖြစ်ပြီးနောက် အဘိဓမ္မာ ၇ ကျမ်းကို ဆင်ခြင်တော်မူပြီးသောအခါ
ကိုယ်မှ ရောင်ခြည်တော်တို့သည် တန်ခိုးတော်အားဖြင့် ဖန်ဆင်းရခြင်းမရှိပဲ ပတိအားဖြင့်
စကြဝဠာတိုက်တစ်သောင်းကို ပြန့်နှံ့လေသည်။ (မှတ်ချက်။ ။ တခြားသောဘုရားရှင်တို့သည်
ဘယ်လိုကြောင့် အဲဒီလို ရောင်ခြည်တော်မရသလဲ မရနိုင်ဘူးလားမေးရင် အလိုရှိတိုင်းရနိုင်ပါပေမဲ့
မင်္ဂလမြတ်စွာဘုရားရှင်မှာ ရှေးဘဝက ထိုရောင်ခြည်တော်အတွက်
အဓိကာရကောင်းမှုကြီး နှစ်ကြိမ် ပြုလုပ်ခဲ့ဖူးသောကြောင့် ပကတိအားဖြင့် မဖန်ဆင်းရပဲ
စကြဝဠာတိုက်တစ်သောင်းကို ပြန့်နှံ့ခြင်းဖြစ်ပေသည်။ အကယ်၍ တခြားသော ဘုရားတဆူဆူမှ အလိုရှိသလို
တန်ခိုးတော်ကိုသုံးလျှင်လည်း ရနိုင်သည့်အတွက် ပွင့်ပြီး၊ ပွင့်ဆဲ၊ ပွင့်လတ္တံ့သော မြတ်စွာဘုရားရှင်တို့ကို
အားလုံး အတူတူဟု မှတ်ယူရပါမည်။) ထို့နောက် မြတ်စွာဘုရားရှင်ဘုရားဖြစ်ရာ နေရာနှင့် ၁၈
ယူဇနာဝေးသော သီရိဝဍ္ဎနမြို့ရှိ သီရိဝနတောအုပ်၌ မြတ်စွာဘုရားကို အတုလိုက် ရဟန်းပြုသော
သုံးကုဋေသော ရဟန်းတို့ကို ဦးစွာပထမ ဓမ္မစကြာ တရားဦး ဟောတော်မူပါတယ်။
လက်ယာရံအဂ္ဂသာဝကမှာ သုဒေဝမထေရ်ဖြစ်ပြီး လက်ဝဲရံအဂ္ဂသာဝကမှာ ဓမ္မသေနမထေရ်ဖြစ်ပါတယ်။
အလုပ်အကျွေးမှာ ပါလိတမထေရ် ဖြစ်ပါတယ်။ မင်္ဂလမြတ်စွာဘုရားသည် ဥတ္တရဥယျာဉ်တော်တွင်
ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းကာ ဓါတ်တော်များမှာ တစုတည်း တပေါင်းတည်း တည်ရှိလေသတည်း။
ထိုအခါ သုရုစိပုဏ္ဏားရွာတွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သုရုစိပုဏ္ဏားသည် ဝေဒကျမ်း၊
နိဃဏ္ဍုကျမ်း၊ ကေဋုဘကျမ်း၊ အက္ခရပဘေဒကျမ်း၊ ဣတိဘာသကျမ်း ငါးကျမ်းကို ဆုံးခန်းတိုင်အောင်
တက်မြောက်သော ဗြဟ္မဏပုဏ္ဏား ဖြစ်နေလေသည်။ မင်္ဂလမြတ်စွာဘုရား ပွင့်တော်မူကြောင်း
ကြားသိသောအခါ မြတ်စွာဘုရားထံ သွားရောက်၍ တရားနာပြီးသော် သရဏဂုံသုံးပါး တည်သွားပါတယ်။
သဒ္ဓါကြည်ညိုသွားသဖြင့် ဘုရားအမှူးရှိသော သံဃာတော် ကုဋေတစ်သိန်းကို ဆွမ်းစားပင့်ခဲ့ပြီး
အိမ်ရောက်သောအခါ “ငါ အဲဒီလောက်အလှူအတွက် အားလုံးလုပ်နိုင်ပေမဲ့ နေရာကို ဘယ်ကရနိုင်မလဲ” ဆိုပြီး
ကြံသောအကြံကို သိကြားမင်းသိသောအခါ အလောင်းတော်အား လက်သမားအယောင်ဆောင်လျက်
ရတနာမဏ္ဍပ်နှင့်တကွ အလှူအတွက် လိုအပ်သော နေရာထိုင်ခင်း အစရှိသဖြင့်
အလုံးစုံသောအရာများကို ဆောက်လုပ် ဖန်ဆင်းပေးပါတယ်။
လက်သမားသိကြားမင်းက ဆောက်လုပ်ပြီးကြောင်း အလောင်းတော်ကို အကြောင်းကြားသောအခါ
ထိုမဏ္ဍပ်ကိုကြည့်ပြီး “အဲဒီလောက်ကြီးကျယ်ခန်းနားလှတဲ့ မဏ္ဍပ်ကြီးမှာ ငါ တစ်ရက်တည်းလှူလို့ မဖြစ်ဘူး ၇
ရက်ပတ်လုံး အလှူကြီး ပေးမယ်” ဆိုပြီး အကြံဖြစ်သည့်အတိုင်း ကြီးမားသော သဒ္ဓါတရားနှင့်တကွ ဆွမ်း၊
ခဲဖွယ်ဘောဇဉ်၊ သင်္ကန်း၊ သပိတ် စသည်တို့ကို ကောင်းစွာလှူဒါန်းပါတယ်။ ထိုအခါ မင်္ဂလမြတ်စွာဘုရားရှင်က
အနာဂတ္တံဥာဏ်တော်ဖြင့် တွေ့မြင်ထားသည့်အတိုင်း “သင်သည် ဤကမ္ဘာမှ နောက်ထပ် နှစ်အသင်္ချေနှင့်
ကမ္ဘာတစ်သိန်းလွန်သောအခါ တခုသော ဘဒ္ဒကမ္ဘာတွင် ဂေါတမဆိုတဲ့ ဘွဲ့အမည်နဲ့ ငါကဲ့သို့ ဘုရားစင်စစ်
ဧကန်ဖြစ်လိမ့်မယ်” ဆိုပြီး ဗျာဒိတ် ပေးတော်မူသောအခါ အလောင်းတော် သုရုစိပုဏ္ဏားက “ငါဟာ နောင်တခါ
ဘုရားဖြစ်မဲ့သူပဲ အဲဒီတော့ ဒီလို အိမ်ယာတည်ထောင်လူ့ဘောင်မှာ နေဖို့ မသင့်တော်ဘူး”
ဆိုတဲ့အကြံ ဖြစ်ပြီးနောက် ရှိရှိသမျှ ဗြဟ္မဏမဟာသာလ စည်းစိမ်အပေါင်းကို စွန့်ပစ်ပြီး
မင်္ဂလမြတ်စွာဘုရားရှင်ထံတော်တွင် ရဟန်းပြု ပိဋကတ်သုံးပုံကို သင်ယူတော်မူပြီးနောက်
ဆက်လက်အားထုတ်သဖြင့် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးကိုရသဖြင့် သေလွန်သောအခါ
အာဘဿရာဗြဟ္မာ့ဘုံကို ရောက်ပါတယ်။
(မှတ်ချက်။ ။အကယ်၍ ဘုရားအလောင်းတော်မဟုတ်ပဲ တခြားသော သာမန်လူဖြစ်မည်ဆိုပါက
အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးနှင့်ပြည့်စုံလျှင် ပကတိအားဖြင့်
အနည်းဆုံး ဝေဟပ္ဖိုလ်ဗြဟ္မာဘုံတွင် ဗြဟ္မာဖြစ်ပါသည်။ နိယတဗျာဒိတ်ရတော်မူပြီးသော
ဘုရားအလောင်းတော်တို့သည် ဗြဟ္မာ့ဘုံ နှစ်ဆယ်တွင် အာဘဿရာဗြဟ္မာ့ဘုံရဲ့ အထက်ကို မရောက်၊
နတ်ပြည်ဖြစ်လျှင် တုသိတာနတ်ပြည်ရဲ့ အထက်ကိုလည်း မရောက်ပါ။)
https://www.facebook.com/mudonwaingaung

ဇော်ထက်မောင်

0 comments:

Post a Comment