ကကုသန်ဘုရား
ကကုသန်ဘုရား သည် ကမ္မကိလေသတရား၊ ဒီပင်္ကရာဘုရား၊ ဂေါတမဘုရား၊ ကဿပဘုရား စသည့်
ဘုရားကြီး ငါးဆူမှ ပွင့်တော်မူပြီးသော ဘုရား ဖြစ်သည်။ ဘုရားငါးဆူပွင့်ရာ ဤ
ဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူအနက် ပထမဦးဆုံး
ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။
ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပုဏ္ဏေးမတို့၏သားဖြစ်။
အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏၊
သားတော်ဥတ္တရကို ဖွားမြင်ပြီးနောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ
တောထွက်တော်မူသည်။ ရှစ်လ-ကာမ~ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက်
ကိုက္ကို့ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူသည်။
ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့်နှစ်ပါးကား ရှင်ဝိဓူရနှင့်
ရှင်သိဉ္စီဝတို့ဖြစ်သည်။ အလုပ် အကြွေး (တပည့်)ကား ရှင်ဗဒ္ဓိဇော ဖြစ်သည်။
ထိုမြတ်စွာဘုရား၏ ဉာဏ်တော်အမြင့်သည် အတောင် လေးဆယ် ဖြစ်၏၊ သက်တော်
အနှစ်သုံးသောင်း နှစ်ထောင်တွင် ခေမာရုံတွင် ပရိနိဗ္ဗာန်စံတော်မူရာ
ကြွင်းသောဓာတ်တော်အစုကို ဌာပနာ၍ တစ်ဂါဝုတ်မြင့်သော စေတီတော်ကို
တည်ထားကိုးကွယ်ကြသည်။ ထိုခေတ်ထိုအခါက လူတို့၏သက်တမ်းမှာ နှစ်ပေါင်း ၎
သောင်းဖြစ်သည်။
[ပြင်ဆင်ရန်] ဗုဒ္ဓ၀င်
၁။ ဝေဿဘူမြတ်စွာဘုရား၏ နောက်အဖို့၌ အခြေနှစ်ချောင်းရှိသူ လူနတ်တို့ထက်
မြတ်တော်မူသော မနှိုင်းယှဉ်နိုင်သော ဂုဏ်ရှိတော်မူသော (ထိပါးရန်)
ချဉ်းကပ်ဝံ့ သောသူ ရှိတော်မမူသော အမည်အားဖြင့် ကကုသန္ဓမည်သော မြတ်စွာဘုရား
သည် ပွင့်တော်မူလေ၏။
၂။ နှောင်အိမ်ကို ဖျက်ဆီး၍ သွားသော ခြင်္သေ့ကဲ့သို့ ထိုမြတ်စွာဘုရားသည် လည်း
အလုံးစုံသောဘ၀ကို ခွါဖျက်၍ ပါရမီအကျင့်၌ အထွတ်အထိပ်သို့ ရောက် လျက် မြတ်သော
ဗောဓိဉာဏ်သို့ ရောက်တော်မူလေ၏။
၃။ လောက၏ ရှေ့သွားဖြစ်သော ကကုသန်မြတ်စွာဘုရားသည် ဓမ္မစကြာကို
ဟောတော်မူသည်ရှိသော် ကုဋေလေးသောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာ လေးပါး)
တရားကို သိခြင်းသည် (ရှေးဦးစွာသိခြင်း) ဖြစ်၏။
၎။ ရေးခြစ်မထင် ကောင်းကင်၌ (ရေမီး) အစုံအစုံဟူသော တန်ခိုးအမျိုးမျိုး
ဖန်ဆင်းခြင်းကို ပြု၍ ကုဋေသုံးသောင်းသော လူ နတ် ဗြဟ္မာတို့အား (သစ္စာ
လေးပါးကို နှစ်ကြိမ်မြောက်) သိစေတော်မူ၏။
၅။ နရဒေ၀ဘီလူးအား ထိုမြတ်စွာဘုရား၏ သစ္စာလေးပါးကို ပြရာအခါ၌ (နတ်လူ တို့၏
သုံးကြိမ်မြောက် သစ္စာလေးပါး) တရားကို သိခြင်းသည် ဂဏန်းသင်္ချာ အားဖြင့်
မရေတွက် နိုင်ချေ။
၆။ ကကုသန်မြတ်စွာဘုရား၏ (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သောစိတ်
ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးသည်
တစ်ကြိမ်သာရှိလေ၏။
၇။ ထိုအခါ ထိုအစည်းအဝေးသည် အာသဝေါတည်းဟူသော ရန်အပေါင်း ကုန်ခြင်း ကြောင့်
ယဉ်ကျေးသော (အရိယာ) ဘုံသို့ အစဉ်ရောက်ကုန်သော ရဟန္တာ လေးသောင်းတို့၏
အစည်းအဝေး ဖြစ်လေ၏။
၈။ ထိုအခါ ငါသည် ခေမ မည်သော မင်းဖြစ်ခဲ့၏။ ငါသည် မြတ်စွာဘုရားအား
လည်းကောင်း၊ မြတ်စွာဘုရား၏ သားတော်အား လည်းကောင်း များစွာသော အလှူကို
လှူပြီးလျှင်-
၉။ သပိတ် သင်္ကန်း မျက်စဉ်း ပျားမုန့်ဆုပ်တို့ကိုလည်း လှူ၍ တောင့်တအပ်ရာ ကောင်းမြတ်သော ဤလှူဖွယ် ၀တ္ထုအားလုံးကို စီရင်လှူဒါန်းခဲ့၏။
၁၀။ သတ္တ၀ါတို့ကို ဆုံးမတော်မူတတ်သော ထို ကကုသန်မြတ်စွာဘုရားသည် လည်း ငါ့ကို
ဤမင်းသည် ဤဘဒ္ဒကမ္ဘာ၌ပင် ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။
၁၁။ ထိုအခါ ဤမင်းသည် ပျော်မွေ့ဖွယ် ကောင်းသော ကပိလမြို့မှ ထွက်၍။ပ။
ဤ(ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်း ကုန်၏)။
၁၂။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညိုစေခဲ့၏၊ ပါရမီ
ဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှာ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။
၁၃။ (ထိုမြတ်စွာဘုရား၏) မြို့တော်သည် ခေမာဝတီ မည်၏၊ ထိုအခါ ငါသည် ခေမအမည်
ရှိသူဖြစ်၏၊ ငါသည် သဗ္ဗညုတဉာဏ်ကို ရှာမှီးစဉ် ထိုမြတ်စွာဘုရား အထံ၌ ရဟန်း
ပြုခဲ့၏။
၁၄။ နတ် လူတို့၏ ဆရာဖြစ်သော ကကုသန်မြတ်စွာဘုရား၏ ခမည်းတော်သည် အဂ္ဂိဒတ္တပုဏ္ဏား ဖြစ်၏၊ မယ်တော်သည် ၀ိသာခါ မည်၏။
၁၅။ ထိုခေမမြို့၌ လူတို့တွင် မြတ်သည် ဖြစ်၍ ချီးမွမ်းအပ်သော မြတ်သော
ဇာတ်ရှိသော များသော အခြံအရံရှိသော မြတ်စွာဘုရား၏ ဆွေတော်မျိုးတော်
အပေါင်းသည် နေလေ၏။
၁၆။ ထိုဘုရားလောင်းသည် အနှစ်လေးထောင်တို့ပတ်လုံး နန်းတော်ကို အုပ်စိုး၍
နေ၏၊ (ထိုဘုရားလောင်းအား) ကာမ ကာမ၀ဏ္ဏ ကာမသုဒ္ဓိမည်သော မြတ်သော
ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။
၁၇။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည် သုံးသောင်းတိတိ ရှိကုန် ၏၊
(ဘုရားလောင်း၏) မိဖုရားသည် ရောစိနီ မည်၏၊ သားတော်သည် ဥတ္တရ မည်၏။
၁၈။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ရထားယာဉ်ဖြင့်
တောထွက်တော်မူ၏။ မယုတ်မလျော့ ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း
လုံ့လကို အားထုတ်တော် မူ၏။
၁၉။ ကြီးမြတ်သော လုံ့လရှိသော လူတို့ထက်မြတ်၍ ရှေ့သွားခေါင်းဆောင် ဖြစ်
တော်မူ သောကကုသန်မြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန်
(သမင်တော)၌ ဓမ္မစကြာကို ဟောတော်မူ၏။
၂၀။ ၀ိဓုရသည် လည်းကောင်း၊ သဉ္ဇီဝသည် လည်းကောင်း ကကုသန်မြတ်စွာ ဘုရား၏
မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏၊ အလုပ်အကျွေးသည် ဗုဒ္ဓိဇ မည်၏။
၂၁။ သာမာသည် လည်းကောင်း၊ စမ္ပာသည် လည်းကောင်း မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့
ဖြစ်ကုန်၏၊ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ကုက္ကိုပင်ဟူ၍ ခေါ်ဆိုအပ်၏။
၂၂။ အစ္စုတသည် လည်းကောင်း၊ သုမနသည် လည်းကောင်း မြတ်သော အလုပ် အကျွေး
ဒါယကာအဂ္ဂဥပဋ္ဌက တို့ဖြစ်ကုန်၏။ နန္ဒာသည် လည်းကောင်း၊ သုနန္ဒာ သည် လည်းကောင်း
မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။
၂၃။ မြတ်စွာဘုရားသည် အတောင် လေးဆယ်တိုင်အောင် မြင့်တော်မူ၏၊ ရွှေ အဆင်း
ရှိသော ကိုယ်တော်ရောင်သည် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင် အောင် ပြေးသွား
(ကွန့်မြူး) လျက်ရှိ၏။
၂၄။ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်လေးသောင်း ရှိ၏၊ ထိုမြတ်စွာ
ဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တ၀ါအပေါင်း ကို
ကယ်တင်တော်မူ၏။
၂၅။ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော လောက၌ ယောက်ျားç မိန်းမတို့၏
အကျိုးငှါ တရားတည်းဟူသော ဈေးကို ဖြန့်ခင်း၍ ခြင်္သေ့မင်းကဲ့သို့ စကားတော်
ကို မိန့်တော်မူပြီးလျှင် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ၀င်စံတော်မူလေ၏။
၂၆။ အင်္ဂါရှစ်ပါးရှိသော စကားသံနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်
လည်းကောင်း၊ အမြဲမကျိုးမပေါက်သော သီလရှိသော သာဝကအစုံတို့သည် လည်းကောင်း
ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရ တို့သည်
အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။
၂၇။ ကကုသန်ဘုရားမြတ်သည် ခေမာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူ၏၊
ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ(ပုထိုး)တော်သည် ကောင်းကင် သို့
တစ်ဂါဝုတ် တိုင်အောင်မြင့်လျက် တည်ရှိလေသတည်း။ ။ ကကုသန္ဓဗုဒ္ဓ၀င် ပြီး၏။
https://www.facebook.com/mudonwaingaung
0 comments:
Post a Comment