တိဿမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် လူတို့သက်တမ်း တစ်သိန်းတမ်းမှ ၁၀ နှစ်ထိ
ဆုတ်ယုတ်သွားရာ တဖန် ထို ၁၀နှစ်တမ်းမှ အသင်္ချေထိပြန်တက်ပြီး ထိုအသေင်္ချတမ်းမှ အသက်
ကိုးသောင်းတမ်း (၉၀၀၀၀) တမ်းသို့ ပြန်လည် ရောက်ရှိချိန်ဖြစ်လေသည်။ ထိုအခါ တုသိတာနတ်ပြည်ရှိ
အလောင်းတော်နတ်သားသည် ဘုရားဖြစ်ရန်အတွက် စကြဝဠာတိုက်တစ်သောင်းမှ
နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ကြည့်ခြင်းငါးပါးဖြင့် ဘုရားဖြစ်ချိန်တန် မတန်ကို
ကြည့်တော်မူလေသည်။ ဘုရားဖြစ်ချိန်တန်ပြီဖြစ်သောကြောင့် အလောင်းတော်နတ်သားသည်
တုသိတာနတ်ပြည်မှ စုတေကာ ကာသိကနေပြည်တော်ရှိ ဇယသေနမင်းကြီး၏ သီရိမာမိဖုရားကြီးထံတွင်
ပဋိသန္ဓေယူတော်မူလေသည်။ သိရိမာဥယျာဉ်တော်ကြီးတွင် ဖွားမြင်တော်မူလေသည်။
ဖုဿမင်းသားဟု ခေါ်တွင်လေသည်။
အရွယ်ရောက်လာသောအခါ ထီးနန်းစည်းစိမ်ကို ဆက်လက်ခံယူကာ အနှစ် (၉၀၀၀) ကိုးထောင်ပတ်လုံး
ကိသာဂေါတမီ မိဖုရားကြီးနှင့်အတူ လူမင်းစည်းစိမ်ကို ခံစားတော်မူလေသည်။ ထို့နောက် မိဖုရားကြီးမှ
သားတော် အနုပမမင်းသားကို ဖွားမြင်သောနေ့ ညသန်းခေါင်ယံအချိန်တွင်
နိမိတ်ကြီးလေးပါးကို မြင်ပြီးဖြစ်သော အလောင်းတော် ဖုဿမင်းသားသည်
ဆင်ယဉ်ကိုစီး၍ တောထွက်ရဟန်းပြုတော်မူလေသည်။ အလောင်းတော် ရဟန်းဝတ်သည်ကို
အားကျသော လူယောက်ျား တကုဋေတို့လည်း အလောင်းတော်မင်းသားကို အတုလိုက်ပြီး
ရဟန်းဝတ်ကြလေသည်။
ဒုက္ကယစရိယာကို အခြံရံများနှင့်အတူ ခြောက်လကျင့်တော်မူပြီးနောက် ထိုတောရှိ အခြံရံရဟန်းများ
အားလုံးကို စွန့်ခွာကာ ၇ ရက်တိတိ တကိုယ်တည်း နေထိုင်တော်မူလေသည်။ ထို့နောက် ဘုရားဖြစ်မည့်
ကဆုန်လပြည့် နံနက်ပိုင်းတွင် သိရိဝဍ္ဎာသူဌေးသမီး လှူဒါန်းသော နို့ဃနာဆွမ်းကို ဘုန်းပေးတော်မူကာ
ညနေချမ်းသို့ ရောက်သောအခါတွင် မဟာဗောဓိပင် (ရှိရှားပင်) သို့ ရှေ့ရှုကြွသွားတော်မူရာ
လမ်းခရီးအကြားတွင် ရသေ့တပါးလှူဒါန်းသော မြက်ရှစ်ဆုပ်ကို အလှူခံ ရရှိတော်မူလေသည်။
ထို့နောက် ဝဿဝတီသူပုန် မာရ်နတ်မင်းရန်ကို အောင်မြင်တော်မူပြီးနောက် ကဆုန်လပြည့်ကျော် ၁
ရက်နေ့မကူးခင် မိုးသောက်ယံအချိန်သို့ ရောက်သည်နှင့် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူကာ
ဘုရားစင်စစ် ဧကန်ဖြစ်တော်မူလေသည်။ ထို့နောက် သတ္တသတ္တာဟစံနေတော်မူပြီး
တရားဦးဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို ဝန်ခံတော်မူကာ ဗောဓိပင်နှင့် ၁၈
ယူဇနာဝေးကွာသော သင်္ကဿမြို့အနီးရှိ ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုဘက် တကုဋေတို့အား
ဓမ္မစကြာဒေသနာတော်ကို ဦးစွာပထမ ဟောကြားတော်မူလေသည်။ အဂ္ဂသာဝကမထေရ်မြတ် နှစ်ပါးမှာ
သုရက္ခိတမထေရ်နှင့် ဓမ္မသေနမထေရ်တို့ဖြစ်ပြီး အလုပ်ကျွေးရဟန်းတော်မှာ
သဘိယမထေရ်ဖြစ်လေသည်။ မာရ်ငါးပါးကို အောင်ပြီးဖြစ်သော ဖုဿမြတ်စွာဘုရားရှင်သည်
ကုသိနာရာပြည်အနီးရှိ သေနာဟု အမည်ရသော အရာမ်ကြီးတွင် ပရိနိဗ္ဗာန်
ဝင်စံချုပ်ငြိမ်းတော်မူလေသည်။ သက်တော်ရှည်သော ကာလဖြစ်သော်လည်း အဓိဋ္ဌာန်ချက်ကြောင့်
ဓါတ်တော်များမှာ အစိတ်စိတ်အမွှာအမွှာဖြစ်လျက် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို
ခံယူတော်မူကြလေသည်။
လောကသုံးပါးတွင် အတုမရှိသော ဖုဿမြတ်စွာဘုရား ပွင့်တော်မူလာချိန်တွင် အရိန္ဒမအမည်ရှိသော
တိုင်းပြည်တွင် ဝိဇိတာဝီမင်းကြီးက တိုင်းပြည်ကို
အုပ်ချုပ်လျက်ရှိလေသည်။ မြတ်စွာဘုရားပွင့်တော်မူကြောင်း ကြားသိသောအခါ
ဖုဿမြတ်စွာဘုရားရှင်ထံသို့ တရားနာလေရာ သရဏဂုံသုံးပါးတွင် သက်ဝင်သွားလေသည်။
ထိုမျှနှင့်အားမရသော မင်းကြီးသည် မင်းစည်းစိမ်များ အားလုံးကိုစွန့်ကာ ရဟန်းဝတ်လျက် နိသိဇ်ဓုတင်
(လုံးဝ မအိပ်မလျောင်းပဲ တရားကျင့်သော အကျင့်) ကို ဆောက်တည်၍
တရားတော်များကို ကောင်းစွာသင်ကြား လေ့ကျင့်လေသည်။ ဝီရိယအစွမ်းကြောင့် မကြာမီပင်
တိပိဋကဓရပုဂ္ဂိုလ်ဖြစ်လျက် ဈာန်အဘိညာဉ်များကိုပါ ရတော်မူလေသည်။ ထိုအခါ
ဖုဿမြတ်စွာဘုရားရှင်မှ ဝိဇိတာဝီရဟန်းတော်ကို “ချစ်သားရဟန်းသည် ယခုကမ္ဘာမှ
စ၍ ရေတွက်လျှင် နောက်ထပ် ကိုးဆယ့်နှစ်ကမ္ဘာ (၉၂) သို့ရောက်သောအခါ ဘုရားငါးဆူပွင့်မည့်
ဘဒ္ဒကမ္ဘာ၌ ဂေါတမဆိုတဲ့ဘွဲ့အမည်ဖြင့် ငါကဲ့သို့ပင် သဗ္ဗညုတ ဉာဏ်တော်ကိုရသော ဘုရားစင်စစ်
ဧကန်ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်ပေးတော်မူလေသည်။ ထိုအခါ အလောင်းတော် ရဟန်းမြတ်သည်လည်း
“ဘုရားရှင်တို့စကားတော်သည် လွဲမှားရိုးမရှိသောကြောင့် ငါသည် ဘုရားဖြစ်မည့်အလောင်းတော်
ဧကန်မှန်ပေလိမ့်မည်” ဟု ကြံစည်တော်မူလျက် ပါရမီတော်တို့ကို ဆထက်တပိုး
ကြိုးစားဖြည့်ကျင့်တော်မူလေသည်။ ဈာန်မပျက်ပဲ သေလွန်သောကြောင့်
အာဘဿရာဗြဟ္မာ့ဘုံသို့ ရောက်တော်မူလေသတည်း။
ဇော်ထက်မောင်
Tuesday, May 5, 2015
Home »
» "ဂေါတမမြတ်စွာဘုရားအလောင်းတော် ဖုဿမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း"
0 comments:
Post a Comment