ဗုဒ္ဓံ ဓမ္မံ သံဃံ









Friday, May 1, 2015

"ဂေါတမမြတ်စွာဘုရားအလောင်းတော် ပဒုမုတ္တရမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း"

ထိုသို့ အနောမဒဿီ၊ ပဒုမ၊ နာရဒမြတ်စွာဘုရားတို့ ပွင့်တော်မူရာ ဝရကမ္ဘာကြီး ပျက်စီးပြီးသောအခါ
ဘုရားမပွင့်သည့် သုညကမ္ဘာ တစ်အသင်္ချေကြာလေသည်။ တစ်အသင်္ချေကိုလွန်သွားသော ကမ္ဘာတခု၏
အသက်တစ်သိန်းတမ်းတွင်ဖြစ်ပြီး ဘုရားရှင်တစ်ဆူတည်းသာ ပွင့်တော်မူမည်ဖြစ်သောကြောင့်
သာရကမ္ဘာဟု ခေါ်တွင်လေသည်။ ပါရမီရင့်သန်ပြီးဖြစ်သော အလောင်းတော်နတ်သားသည်
ဘုရားဖြစ်ရန်အတွက် နတ်ဗြဟ္မာများ တောင်းပန်သည်ကို ဝန်ခံပြီးသောအခါ ဟံသာဝတီမင်းနေပြည်တော်ကို
အစိုးရသော အာနန္ဒာမင်းကြီး၏ သုဇာတာမိဖုရားကြီးထံတွင် ပဋိသန္ဓေယူတော်မူလေသည်။ ဟံသာဝတီ
မင်္ဂလာဥယျဉ်တော်တွင်း ဖွားမြင်ပြီးလျှင်ပင် ပဒုမာကြာပန်းမိုး ရွာသောကြောင့် ပဒုမုတ္တရမင်းသားဟု
အမည်ပေးကြလေသည်။
မင်းစည်းစိမ်ကို ဝသုဒတ္တာဒေဝီမိဖုရားကြီးနှင့်အတူ အနှစ်တစ်သောင်း (၁၀၀၀၀) စိုးစံပြီးနောက် မိဖုရားကြီးမှ
သားတော် ဥတ္တရာကို ဖွားမြင်သောအခါ ရဟန်းနိမိတ်ကို မြင်ပြီးဖြစ်သော အလောင်းတော်
ပဒုမုတ္တရမင်းသားသည် သံဝေဂရ၍ တောထွက်မည်ဟု ကြံစည်လိုက်သည်နှင့် နန်းတော်ပြသာဒ်သည်
ချက်ချင်း အမြစ်မှကျွတ်၍ ကောင်းကင်ခရီးဖြင့်ပင်လျှင် မဟာဗောဓိပင် (ထင်းရှူးပင်)
အနားသို့ ရောက်လေသည်။ ထိုနန်းတော်ထဲတွင် ပါသမျှ ယောက်ျားအပေါင်းတို့သည်လည်း
အလောင်းတော်နှင့်အတူလိုက်၍ ရဟန်းပြုပြီး နန်းတော်ပြသာဒ်နှင့် ပါလာသော မောင်းမပရိတ်သတ်တို့မှာ
မူလနေရာသို့ ပြန်ရောက်သွားလေသည်။ အလောင်းတော်ပဒုမုတ္တရ ရဟန်းသည်လည်း ဒုက္ကရစရိယာကို ၇
ရက် ကျင့်တော်မူပြီး နောက်ဆုံး ဘုရားဖြစ်မည့်နေ့ ကဆုန်လပြည့် နံနက်ပိုင်းတွင် ဥဇ္ဇေနီရွာနိဂုံးရှိ
ရုစာနန္ဒာသူဌေးသမီးကပ်လှူသော ဃနာနို့ဆွမ်းကို ဘုန်းပေးပြီး မဟာဗောဓိပင်သို့ အပြန်လမ်းတွင် သုမိတ္တ
တက္ကတွန်းလှူဒါန်းသော မြက်ရှစ်ဆုပ်ကို အလှူခံခဲ့လေသည်။
မာရ်နတ်ရန်ကို အောင်တော်မူပြီးနောက် ဘုရားအဖြစ်သို့ရောက်ပြီးသောအခါ ထိုပလ္လင်တော်ပေါ်တွင် ၇ ရက်
သတ္တာဟစံပြီး မြေပေါ်သို့ ခြေတော်ချလိုက်သည်နှင့် မြေကြီးမှ
ပဒုမာကြာပန်းကြီးဖြစ်လာပြီးနောက် မြတ်စွာဘုရားရှင်၏အထက်သို့ ပန်းဝတ်မှုန်များ
ကျရောက်လေသောကြောင့် ပဒုမုတ္တရမြတ်စွာဘုရားဟု ထင်ရှားလေသည်။ ရှေးဘဝကပြုခဲ့သော
အဓိကာရကုသိုလ်ကောင်းမှု အထူးကြောင့်ပင်လျှင် ထိုမြတ်စွာဘုရားရှင် လက်ထက်တော်၌ မိစ္ဆာတိတ္ထိများ
လာဘ်ရှားလာရာမှ နောက်ဆုံး တိုင်းပြည်မှပင် အနှင်ခံရလေသည်။ ထိုအခါတိတ္ထိများ အမှန်ပင်
သံဝေဂရလျက် ပဒုမုတ္တရမြတ်စွာဘုရားရှင်ထံတော်တွင် ရဟန်းအဖြစ်ကို ခံယူကြလေသည်။
ထို့ကြောင့် မြတ်စွာဘုရားပွင့်တော်မူပြီး မကြာခင်မှာပင် တိတ္ထိတက္ကတွန်းများ လုံးဝမရှိသည်မှာ
ထူးခြားချက်ပင် ဖြစ်လေတော့သည်။ ထို့နောက် တရားဦးဟောရန် ဆင်ခြင်တော်မူသောအခါ
ကိုယ်တော်မြတ်နှင့် ၁၈ ယူဇနာကွာဝေးသော မိတ္ထိလာမြို့ရှိ ဥယျာဉ်တော်တခုတွင်
အဂ္ဂသာဝကလောင်းလျာများဖြစ်သော ဒေဝလမင်းသားနှင့် သုဇာတမင်းသားတို့ကို အမှူးပြု၍
ဓမ္မစကြာဒေသနာတော်ကို ကောင်းစွာ ဟောကြာတော်မူလေသည်။ အလုပ်ကျွေးရဟန်းတော်မှာ
သုမနမထေရ်ဖြစ်လေသည်။ (ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်တွင် ဧတဒဂ်ရကြသော
မဟာသာဝကကြီးများ၊ သာဝိကာမကြီးများနှင့် စိတ္တသူကြွယ်၊ ဝိသာခါ စသူများကဲ့သို့ သူတော်ကောင်းများသည်
ပဒုမုတ္တရမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူလျက် ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီဖြည့်ရန်
စတင်ခဲ့လေသည်။) နန္ဒာရာမဥယျာဉ်တော်ကြီးတွင် ပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်း ဘဝဘုံဇာတ်
သိမ်းတော်မူလေသည်။
ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်တော်မူသောအခါ
ဇဋိလအမည်ရှိသော ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် တိုင်းကြပ်မင်း
(တိုင်းမှူး) ဖြစ်၍ နေလေရာ မြတ်စွာဘုရားရှင် ပွင့်တော်မူကြောင်း ကြားသိသောအခါ ဘုရားအမှူးရှိသော
သံဃာတော်မြတ်တို့အား ဆွမ်းနှင့် သင်္ကန်းများ ကပ်လှူလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်က “သင်သည်
ဤကမ္ဘာမှ နောက်ထပ် ကမ္ဘာတစ်သိန်းအထက်သို့ ရောက်သောအခါ
တခုသောဘဒ္ဒကမ္ဘာတွင် ဂေါတမအမည်ရသော ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟု
ဗျာဒိတ် ပေးတော်မူလေသည်။ ထိုအခါ အလောင်းတော်သည်လည်း အတိုင်းမသိ ပျော်ရွှင်နှစ်သက်၍
ပါရမီတော်တို့ကို ကောင်းစွာ ဖြည့်ကျင့်တော်မူလေသည်။
https://www.facebook.com/mudonwaingaung

ဇော်ထက်မောင်

0 comments:

Post a Comment