ဗုဒ္ဓံ ဓမ္မံ သံဃံ









Friday, May 1, 2015

"ဂေါတမမြတ်စွာဘုရားအလောင်းတော် နာရဒမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း"

ပဒုမမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးသည့်နောက်တွင် အသက်တစ်သိန်းတမ်းမှ ၁၀ နှစ်တမ်းသို့
ဆုတ်ယုတ်လာလေသည်။ တဖန် ထို ၁၀ နှစ်တမ်းမှ အသင်္ချေတမ်းသို့ပြန်ရောက်၍ အသင်္ချေတမ်းမှ အသက်
ကိုးသောင်းတမ်း (၉၀၀၀၀) တမ်းသို့ ပြန်ရောက်လာလေသည်။ ထိုအခါ လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းကာလကြာ ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီးစီး၍ တုသိတာနတ်ပြည်တွင် စံနေတော်မူသော
နာရဒမြတ်စွာဘုရား အလောင်းတော်နတ်သားသည် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းကို ဝန်ခံလျက်
ကြည့်ခြင်းငါးပါး၏ အဆုံးတွင် ဓညဝတီမြို့ရှိ သုဒေဝစကြာမင်းကြီး၏ မိဖုရားကြီးဖြစ်တော်မူသော
အနောမာထံတွင် ပဋိသန္ဓေယူပြီး ၁၀ လလွန်သောအခါတွင် ဓနဉ္ဇယဥယျာဉ်တော်တွင်း၌
ဖွားမြင်တော်မူလေသည်။ ဖွားတော်မူချိန်တွင် ဘုန်းတော်ကြောင့် ကောင်းကင်မှ လူ့အသုံးဆောင်ပစ္စည်းများ
မိုးရွာသလို ကျလာသည့်အတွက် နာရဒ ဟု အမည်မှည့်ခေါ်ကြလေသည်။
ဝိဇိတာသေနာမိဖုရားကြီးနှင့်အတူ နန်းစည်းစိမ်ကို အနှစ် (၉၀၀၀) ကိုးထောင်ပတ်လုံး
စံစားတော်မူလေပြီးသောအခါ မိဖုရားကြီးမှ နန္ဒုတ္တရမင်းသားကို ဖွားတော်မူသည့်နေ့တွင်ပင်
နိမိတ်ကြီးလေးပါး၏ နောက်ဆုံးဖြစ်သော ရဟန်းနိမိတ်ကို မြင်ပြီးဖြစ်၍ ထိုနေ့ညတွင် စစ်အင်္ဂါလေးပါးခြံရံလျက်
နိမိတ်ကြီးလေးပါးမြင်တော်မူရာ မင်္ဂလာဥယျာဉ်တော်သို့ ခြေကျင်ကြွကာ တောထွက်တော်မူလေသည်။ အခြံရံ
စစ်သည်များသည်လည်း အလောင်းတော်ကို အတုလိုက်ကာ ရဟန်းဝတ်ကြသည့်အရေအတွက်သည်
အယောက် တစ်သိန်း ရှိလေသည်။ (အခြားသောအလောင်းတော်များသည် တောထွက်သောနေရာနှင့်
နိမိတ်ကြီးလေးပါးမြင်ရာ ဥယျာဉ်တို့မှာ မတူညီကြသော်လည်း နာရဒမြတ်စွာဘုရားအလောင်းတော်သည် ထို
နိမိတ်ကြီးလေးပါးမြင်ရာ မင်္ဂလာဥယျာဉ်တော်သို့သာ တောထွက်လေသည်။)
ထိုဥယျာဉ်တော်၌ပင် ဒုက္ကရစရိယာကို ၇ ရက် ကျင့်ပြီး နောက်ဆုံး ဘုရားဖြစ်မည့်နေ့ ကဆုန်လပြည့်
နံနက်ပိုင်းတွင် အလောင်းတော်၏ ဇနီးဖြစ်ခဲ့သော ဝိဇိတာသေနာ မိဖုရားကြီးကပ်လှူသည့် နို့ဃနာဆွမ်းကို
ဘုန်းပေးကာ ထိုဥယျာဉ်တွင်းပင်လျှင် နေသန့်တော်မူလေသည်။ ညနေချမ်းသို့ရောက်သောအခါတွင်
အခြံရံအားလုံးကို စွန့်ခွာလျက် မဟာဗောဓိပင် (ကြောင်ရှာနီပင် / ကြောင်ရှာကြီးပင်) သို့ ရှေးရှုလျက်
ကြွတော်မူရာတွင် သုဒဿနဥယျာဉ်မှူးလှူဒါန်းသော မြက်ရှစ်ဆုပ်ကို အလှူခံတော်မူလေသည်။
မာရ်နတ်အမှူးပြုသော အဖျက်သမား နတ်စစ်သည်များကို နေမဝင်မီ အောင်တော်မူကာ ညဥ့်ဦးယံတွင်
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ သန်းခေါင်ယံတွင် ဒိဗ္ဗစက္ခုဉာဏ်နှင့် မိုးသောက်ယံတွင် အာသဝက္ခယ
ဉာဏ်တော်နှင့်အတူ သဗ္ဗညုတဉာဏ်တော်ကိုရကာ သမ္မာသမ္ဗုဒ္ဓစင်စစ် ဖြစ်တော်မူလေသည်။
ဘုရားဖြစ်ပြီးနောက် ဗောဓိပင်ဝန်းကျင်တွင် သတ္တသတ္တာဟ စံနေတော်မူပြီးသော်
တရားဟောရန် ဗြဟ္မာမင်းတောင်းပန်ချက်ကို လက်ခံတော်မူလျက်
တရားဦးဟောထိုက်သည့် ရှေးကောင်းမှုတို့နှင့် ပြည့်စုံသော ဗောဓိပင်မှ ၁၈ ယူဇနာဝေးကွာသည့်
ဓနဉ္ဇယဥယျာဉ်ကြီးရှိ ကိုယ်တော်မြတ်နှင့်အတူ တောထွက်သော ရဟန်းတော် တစ်သိန်းတို့အား
ဓမ္မစကြာဒေသနာတော်ကို ကောင်းစွာ ဟောကြားတော်မူလေသည်။ မြတ်သော အဂ္ဂသာဝကနှစ်ပါးမှာ
ဘဒ္ဒသာလမထေရ်နှင့် ဝိဇိတမိတ္တမထေရ်တို့ဖြစ်ပြီး အလုပ်ကျွေးရဟန်းမှာ ဝါသေဋ္ဌမထေရ်ဖြစ်လေသည်။
ပရိနိဗ္ဗာန် ဝင်စံတော်မူရာ အရပ်မှာ သုဒဿနမြို့တော်ဖြစ်ပြီး ဓါတ်တော်များမှာ
သက်တော်ရှည်မြတ်စွာဘုရားတို့ ဖြစ်သည့်အတိုင်း ပကတိအားဖြင့် သက်တော်ထင်ရှားတုံးကသကဲ့သို့
တစုတည်း ဖြစ်လေသည်။
တနေ့သောနံနက်ပိုင်းတွင် ကျွတ်ထိုက်သော ဝေနေယျများကို ကြည့်သည်ရှိသော် ဟိမဝန္တာတောင်တွင်
ရသေ့ပြုနေသော ဂေါမမြတ်စွာဘုရားအလောင်းတော်ကို မြင်တော်မူသည့်အခါ ချီးမြှောက်လိုသဖြင့်
ရဟန္တာမထေရ်ပေါင်း ကုဋေရှစ်ဆယ်နှင့် အနာဂါမ်ဥပသကာ ဒါယကာ တစ်သောင်း ခြံရံကာ
အလောင်းတော်၏ ကျောင်းသို့ ကြွလေသည်။ ထိုအခါ အလောင်းတော်သည် ဘုရားအမှူးရှိသော
ရဟန်းတော်များနှင့် ဒါယကာများ နေထိုင်ရန် ကျောင်းများစွာကို အဘိညာဉ်ဖြင့် ဖန်ဆင်းပြီး ဆွမ်းများစွာကို
ကပ်လှူလေသည်။ ထိုသို့ ၇ ရက်တိတိ အလှူကြီးပေးပြီး အားမရသဖြင့် စန္ဒကူးနံသာနီပန်းဖြင့်
ပူဇော်ပြန်လေသည်။ နာရဒမြတ်စွာဘုရားရှင်သည်လည်း ကုသိုလ်အစုစုတို့အတွက်
အနုမောဒနာတရား ဟောကြားပြီးသည့်အခါတွင် အလောင်းတော်ရသေ့အား “သင်သည်
ဤကမ္ဘာမှ နောက်ထပ် တစ်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း လွန်မြောက်ပြီးသောအခါတွင် ဘုရားငါးဆူပွင့်မည့်
တခုသော ဘဒ္ဒကမ္ဘာ၌ ဂေါတမဆိုတဲ့ဘွဲ့အမည်နှင့်အတူ ဘုရားစင်စစ် ဖြစ်လိမ့်မည်” ဟု
ဗျာဒိတ်ပေးတော်မူလေသည်။ ထိုအခါ အလောင်းတော်ရသေ့သည်လည်း သတိမေ့ကာ သေလွန်ရမည်ကို
သတိရကာ ပါရမီဆယ်ပါးတို့ကို ကောင်းစွာ ဖြည့်ကျင့်တော်မူလေသည်။
https://www.facebook.com/mudonwaingaung

ဇော်ထက်မောင်

0 comments:

Post a Comment