ဗုဒ္ဓံ ဓမ္မံ သံဃံ









Monday, May 4, 2015

"ဂေါတမမြတ်စွာဘုရားအလောင်းတော် ကကုသန္ဓမြတ်စွာဘုရားရှင် ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း"

ဝေဿဘူမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးနောက် ထိုမဏ္ဍကမ္ဘာကြီး ပျက်စီးသွားသောအခါ
ဘုရားမပွင့်သော သုညကမ္ဘာပေါင်း ၂၉ ကမ္ဘာ ကြားခံလေသည်။ ထိုသုညကမ္ဘာများကို ကျော်လွန်သော
ကမ္ဘာသည် ဘုရားငါးဆူ ပွင့်တော်မူမည့် ဘဒ္ဒကမ္ဘာကြီး ဖြစ်လေသည်။ ဘဒ္ဒကမ္ဘာတွင်
ပထမဦးဆုံးပွင့်တော်မူမည့် မြတ်စွာဘုရား အလောင်းတော်သည် အလောင်းတော်တို့ ဓမ္မတာအတိုင်း
တုသိတာနတ်ပြည်၌ စံပျော်နေစဉ် ဘုရားဖြစ်ရန် အချိန်တန်သဖြင့် နတ်ဗြဟ္မာများက
အလောင်းတော်နတ်သားကို ဘုရားဖြစ်ရန်အတွက် လာရောက်၍ တောင်းပန်ကြလေသည်။ ထိုအခါ
အလောင်းတော်နတ်သားသည် ကြည့်ခြင်းငါးပါးဖြင့် ကြည့်တော်မူကာ ဘုရားဖြစ်ချိန်တန်သဖြင့် နတ်ပြည်မှ
စုတေကာ လူ့ပြည်ရှိ ခေမဝတီမင်းနေပြည်တော်ကို အစိုးရတော်မူသော ခေမင်္ကရမင်းကြီး၏
မင်းတိုင်ပင်အမတ်ဖြစ်သော အဂ္ဂိဒတ္တပုရောဟိတ်ပုဏ္ဏားကြီး၏ ကြင်ယာဇနီး ဝိသာခါပုဏ္ဏေးမ၏
ဝမ်းကြာတိုက်တွင် ပဋိသန္ဓေယူတော်မူလေသည်။
ဆယ်လစေ့မြောက်သောအခါ ခေမဝတီဥယျာဉ်တော်တွင်း၌ ဖွားမြင်တော်မူပြီး ကကုသန္ဓသတို့သားဟု
အမည်ပေးကြလေသည်။ (လောကတွင် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူကြွယ်မျိုး(ကုန်သည်) နှင့်
ကျွန်မျိုးဟူ၍ လေးမျိုးရှိရာ မြတ်စွာဘုရားရှင်တို့သည် နောက်ဆုံးဘဝဘုရားဖြစ်ရာတွင် မင်းမျိုးနှင့်
ပုဏ္ဏားမျိုးနှစ်မျိုးတွင်သာ ဖြစ်ရိုးထုံးစံရှိသည်။ လူအပေါင်းတို့က လူမျိုးလေးမျိုးတွင် မင်းမျိုးကအမြတ်ဆုံးဟု
သတ်မှတ်ချိန်တွင် မြတ်စွာဘုရားရှင်အပါအဝင် ခမည်းတော်၊ မယ်တော်မှ
အစပြု၍ ဆွေတော်မျိုးတော်အားလုံးတို့သည် မင်းမျိုးမှာသာဖြစ်ကြလေသည်။ ထိုသို့မဟုတ်ဘဲ
ပုဏ္ဏားမျိုးကအမြတ်ဆုံးဟု လူအများက သတ်မှတ်ချိန်တွင် မြတ်စွာဘုရားရှင်အပါအဝင် ခမည်းတော်၊
မယ်တော်မှ အစပြု၍ ဆွေတော်မျိုးတော်အားလုံးတို့သည် ပုဏ္ဏားမျိုးမှာသာဖြစ်ကြလေသည်။
သို့ပါသော်လည်း မင်းမျိုးကမြတ်သည် ဟုသောအယူအဆသည်သာ အများစုဖြစ်သဖြင့်
ဒီပင်္ကရာမြတ်စွာဘုရားရှင်မှစ၍ ဝေဿဘူမြတ်စွာဘုရားရှင်အထိ
ပွင့်တော်မူခဲ့ကြသော မြတ်စွာဘုရားရှင်တို့သည် မင်းမျိုးမှာသာ ဖြစ်ကြသော်လည်း
ယခုဘဒ္ဒကမ္ဘာသို့ ရောက်သောအခါ ပွင့်တော်မူခဲ့သည်
ကကုသန္ဓမြတ်စွာဘုရား၊ ကောဏာဂါမနမြတ်စွာဘုရားနှင့် ကဿပမြတ်စွာဘုရားရှင်တို့
ပွင့်တော်မူမည့်ကာလတွင် လူအများက ပုဏ္ဏားမျိုးကမြတ်သည်ဟု ယူဆကြသဖြင့်
ထိုမြတ်စွာဘုရားရှင်သုံးဆူတို့သည် ပုဏ္ဏားမျိုးမှဖြစ်ကြသော မြတ်စွာဘုရားရှင်များ ဖြစ်ကြလေသည်။)
လူတို့သက်တမ်း အနှစ်လေးသောင်းတမ်း (၄၀၀၀၀) တွင်ဖြစ်ပြီး ကကုသန္ဓသတို့သားသည်
နတ်စည်းစိမ်နှင့်တူသော လူ့စည်းစိမ်ကို ကြင်ယာဇနီးဖြစ်သော ရောစိနီပုဏ္ဏေးမနှင့်အတူ
အနှစ်လေးထောင် (၄၀၀၀) ပတ်လုံး စံစားတော်မူလေသည်။ ထို့နောက် သားတော်ဥတ္တရကို
ဖွားမြင်သောနေ့တွင်ပင် နိမိတ်ကြီးလေးပါးကို မြင်ပြီးဖြစ်သော အလောင်းတော် ကကုသန္ဓသတို့သားသည်
ထိုနေ့ညတွင် အာဇာနည်မြင်းကသော ရထားဖြင့် တောထွက်တော်မူလေသည်။
အလောင်းတော်သတို့သားကို အားကျသော လူယောက်ျား လေးသောင်းတို့လည်း အတုလိုက်၍
ရဟန်းဝတ်ကြလေသည်။
ပြုကျင့်ရန်ခဲယဉ်းလှသော ဒုက္ကရစရိယာအကျင့်ကို ရှစ်လကြာအောင် ကျင့်တော်မူပြီးနောက်
အလောင်းတော် ကကုသန္ဓရဟန်းမြတ်သည် ဘုရားဖြစ်မည့်နေ့ ကဆုန်လပြည့်နံနက်ပိုင်းတွင်
သုစိရိန္ဒရွာသို့ ဆွမ်းခံကြွတော်မူလေသည်။ ထိုရွာတွင် နေထိုင်သော ဝဇိရိန္ဒပုဏ္ဏား၏ သမီးက
ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ လှူလိုက်လေသည်။ ဆွမ်းဘုန်းပေးပြီးနောက် အလောင်းတော်သည်
ညနေစောင်းသောခါ အခြံရံများအားလုံးကို စွန့်ခွာကာ မဟာဗောဓိပင် (ကုက္ကိုပင်) တစ်ပါးတည်း
ကြွသွားတော်မူလေသည်။ လမ်းခရီးအကြားတွင် ဂျုံခင်းစောင့်လယ်သမား
သုဘဒ္ဒလှူဒါန်းသော မြက်ရှစ်ဆုပ်ကို အလှူခံ ရရှိတော်မူလေသည်။
ဒုဿီမာရ်နတ် (အရှင်မဟာမောဂ္ဂလာန်အလောင်းလျာ) ရန်ကို နေမဝင်ခင် အောင်တော်မူပြီးနောက်
ညဥ့်ဦးယံ၊ သန်းခေါင်ယံ၊ မိုးသောက်ယံ အစဉ်သဖြင့်
ဉာဏ်စဉ်ရင့်ကျက်တော်မူကာ နေအာရုဏ်တက်သည်နှင့် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူကာ
ဘုရားဖြစ်တော်မူလေသည်။ သတ္တသတ္တာဟ စံနေတော်မူပြီးနောက်
တရားဦးဟောရန်အတွက် ဗြဟ္မာမင်း၏တောင်းပန်ခြင်းကို ဝန်ခံကာ ဟောထိုက်သူကို
ဆင်ခြင်တော်မူသောအခါ ကိုယ်တော်မြတ်နှင့်အတူ တောထွက်ကြသော
ရဟန်းတော်လေးသောင်းကို မြင်တော်မူလေသည်။ ထို့ကြောင့် ထိုရဟန်းတော်များရှိရာ မကိလမြို့အနီးရှိ
ဣသိပတနဟု အမည်ရသော သမင်ဘေးမဲ့တောသို့ ကြွာတော်မူကာ
ဓမ္မစကြာဒေသနာတော်ကို ကောင်းစွာ ဟောကြားတော်မူလေသည်။ ကကုသန္ဓမြတ်စွာဘုရားရှင်၏
အဂ္ဂသာဝကမထေရ်မြတ် နှစ်ပါးမှာ ဝိဓုရမထေရ်နှင့် သဉ္ဇီဝမထေရ်တို့ဖြစ်ပြီး အလုပ်ကျွေးရဟန်းတော်မှာ
ဗုဒ္ဓိဇမထေရ်ဖြစ်လေသည်။ ခေမအရာမ်ကြီးတွင် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘဝဘုံဇာတ်သိမ်းတော်မူကာ
ဓါတ်တော်များမှာ တစုတည်းတပေါင်းတည်း ကျန်ရစ်လေသတည်း။
ကကုသန္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူသော ကာလတွင် ခေမဟု အမည်ရသောမင်းတပါးသည်
ဘုရားအမှူးရှိသော သံဃာတော်တို့အား ပစ္စည်းလေးပါးဖြင့် အလှူကြီး ပေးတော်မူလေသည်။ ထိုအခါ
ကကုသန္ဓမြတ်စွာဘုရားရှင်က တရားတော်ကို ကောင်းစွာ ဟောကြားတော်မူသောအခါ ခေမမင်းသည်
သဒ္ဓါတရားများ တိုးပွားလာလေသည်။ အလှူနှင့်အားမရသော မင်းကြီးလည်း မင်းစည်းစိမ်ကို စွန့်လွှတ်ကာ
ကကုသန္ဓမြတ်စွာဘုရားရှင်ထံတော်တွင် ရဟန်းပြုလေသည်။ လုံ့လဝီရိယကြီးမားသော ထိုခေမရဟန်းကို
ကကုသန္ဓမြတ်စွာဘုရားရှင်က “ချစ်သားခေမ၊ ဘုရားငါးဆူပွင့်မည့် ဤဘဒ္ဒကမ္ဘာ၌
ငါဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် ကောဏာဂါမနမြတ်စွာဘုရားနှင့် ကဿပမြတ်စွာဘုရားတို့
အစဉ်တိုင်းပွင့်ပြီးသောအခါ အသင်ချစ်သားသည် ဂေါတမဆိုတဲ့ဘွဲ့အမည်ဖြင့် ငါကဲ့သို့ပင်
သဗ္ဗညုတဉာဏ်တော်ကိုရသော ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်ပေးတော်မူလေသည်။
ထိုအခါ အလောင်းတော်ခေမရဟန်းသည် ကြည်နူးနှစ်သက်တော်မူကာ
ပါရမီတော်တို့ကို ကောင်းစွာဖြည့်ကျင့်တော်မူလေသတည်း။

0 comments:

Post a Comment