ဗုဒ္ဓံ ဓမ္မံ သံဃံ









Friday, May 1, 2015

"ဂေါတမမြတ်စွာဘုရားအလောင်းတော် ပဒုမမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း"

အနောမဒဿီမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် အသက်တစ်သိန်းတမ်းမှ
တဖြည်းဖြည်းဆုတ်ယုတ်လာလျက် ၁၀ နှစ်တမ်းသို့ရောက်ပြီး၊ ၁၀ နှစ်တန်းမှ
အသင်္ချေတမ်းသို့တိုင်အောင် ပြန်တက်၊ ထို အသင်္ချေတမ်းမှသည် အသက် တစ်သိန်း (၁၀၀၀၀၀)
တမ်းသို့ ပြန်လည် လာသည်ရှိသော် ပဒုမမြတ်စွာဘုရား အလောင်းတော်သည်
ပါရမီတော်တို့ကို ကောင်းစွာဖြည့်ကျင့်ပြီးစီးသည်ဖြစ်၍ အလောင်းတော်တို့ နောက်ဆုံးဘဝမတိုင်ခင် စံပျော်ရာ
တုသိတာနတ်ပြည်မှ စုတေလျက် နောက်ဆုံးဘဝ ဘုရားဖြစ်ရန် နတ်ဗြဟ္မာတို့တောင်းပန်မှုကို ဝန်ခံပြီး
စမ္ပကနေပြည်တော်ကို အစိုးရသော အသမမင်းကြီး၏ မိဖုရား အသမာထံတွင် ပဋိသန္ဓေ ယူလျက်
ဆယ်လလွန်မြောက်သောအခါ စမ္ပကဥယျာဉ်တွင် ဖွားတော်မူသည်နှင့် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးတွင်
ပဒုမ္မာကြာပန်းမိုး ရွာသွန်းသည်ကိုအစွဲပြု၍ မဟာပဒုမမင်းသားဟု အမည်မှည့်ခေါ်လေသည်။
အရွယ်ရောက်သောအခါတွင် နှစ်တစ်သောင်း (၁၀၀၀၀) ပတ်လုံး ထီးနန်းစည်းစိမ်ကို
ဥတ္တရာဒေဝီမိဖုရားကြီးနှင့် စံစားကာ မိဖုရားကြီးမှ သားတော် ရမ္မကို ဖွားမြင်ပြီးသောအခါတွင်
နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ သံဝေဂရတော်မူသော အလောင်းတော် မဟာပဒုမမင်းသားသည်
နတ်တို့ပြင်ဆင်ပေးသော အာဇာနည်မြင်းကိုစီးလျက် တောထွက်တော်မူသည်ကို အားကျသော
တစ်ကုဋေကုန်သော ယောက်ျားတို့သည်လည်း အလောင်းတော်ကို တု၍ တောထွက်ကြလေသည်။
ရဟန်းအခြံရံ တစ်ကုဋေနှင့်အတူ ဒုက္ကရစရိယာကို ရှစ်လကျင့်၍ ဘုရားဖြစ်မည့် ကဆုန်လပြည့်နေ့
နံနက်ခင်းအခါသို့ရောက်သော် ဓညဝတီသူဌေးသမီး လှူဒါန်းသော ဃနာနို့ဆွမ်းကို ဘုန်းပေးလေသည်။
ညနေချမ်းသို့ရောက်သောအခါ အခြံရံအပေါင်းကို စွန့်ပြီး မဟာဗောဒိပင် (ကြောင်ရှာကြီးပင်) ရှိရာသို့
ကြွတော်မူသည့် လမ်းခရီးအကြားတွင် တိတ္ထကတက္ကတွန်းလှူဒါန်းသော မြက်ရှစ်ဆုပ်ကို
ခံယူတော်မူကာ ဗောဓိပင်သို့ ကြွတော်မူလေသည်။
အင်္ဂါလေးပါးနှင့် ပြည့်စုံသောဝီရိယကို ကောင်းစွာဆောက်တည်ပြီး မာနတ်ရန်ကို အောင်တော်မူ၍
ဘုရားဖြစ်တော်မူပြီးသောအခါတွင် လေးဆယ့်ကိုးရက်တိတိ သတ္တသတ္တာဟ စံတော်မူပြီးသောအခါ
တရားဟောရန် တောင်းပန်သည်ကို ဝန်ခံပြီး ဆင်ခြင်ကြည့်သောအခါတွင် ကိုယ်တော်နှင့်အတူ
ရဟန်းဝတ်ကြသော ရဟန်းတစ်ကုဋေကိုမြင်၍ ၁၈ ယူဇနာဝေးသော
ဓနဉ္ဇယဥယျာဉ်ဆီသို့ ကောင်းကင်ခရီးဖြင့် ကြွတော်မူပြီး
ဓမ္မစကြာဒေသနာတော်ကို ဟောကြားတော်မူလေသည်။ ပဒုမမြတ်စွာဘုရားရှင်၏ အဂ္ဂသာဝကနှစ်ပါးမှာ
သာလမထေရ်နှင့် ဥပသာလမထေရ်တို့ဖြစ်ပြီး အလုပ်ကျွေးရဟန်းမြတ်မှာ ဝရုဏမထေရ်ဖြစ်လေသည်။ ပဒုမမြတ်စွာဘုရားရှင်သည် ဓမ္မာရာမဟုပင် အမည်ရသော အရာမ်ကြီးတွင် ပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းကာ


အဓိဋ္ဌာန်ချက်ကြောင့် ဓါတ်တော်များမှာ အစိတ်စိတ်အမွှာမွှာဖြစ်လျက် နေရာအနှံ့အပြား၌ရှိသော

နတ်လူတို့၏အပူဇော်ကို ခံယူတော်မူကြလေသတည်း။
တနေ့သောအာရုံတက် နံနက်ခင်းအခါတွင် ချေချွတ်ထိုက်သော ပုဂ္ဂိုလ်များကို
ကြည့်ရှုဆင်ခြင်သည်ရှိသော် ၇ ရက်အတွင်း မည်သည့်လူ၊ နတ်၊ ဗြဟ္မာကိုမှမတွေ့ပဲ ခြင်္သေ့မင်းတကောင်သာ
ဉာဏ်တော်တွင်းသို့ ဝင်ရောက်လာသည်ရှိသော် ထိုခြသေ့င်္မင်းကို ချီးမြှောက်မည်ဟု
ကြံလျက် ခြသေ့င်္မင်းရှိရာ တောအုပ်တွင်းရှိ ဂူထဲသို့ တန်ခိုးတော်ဖြင့်ကြွကာ ထိုဂူထဲ၌ပင်လျှင်
နိရောဓသမာပတ်ကို ၇ ရက်ပတ်လုံး ဝင်စားတော်မူလေသည်။ ထိုအခါ ဂူထဲရှိ ခြင်္သေ့မင်းသည်လည်း
ကြီးစွာသော ဗုဒ္ဓဣနြေ္ဒဖြင့် နိရောဓသမာပတ်ကို ဝင်စားနေသော ပဒုမမြတ်စွာဘုရားရှင်ကို မြင်သည့်အခါတွင်
သဒ္ဓါကြည်လင်ခြင်း ဖြစ်လာသဖြင့် “ငါသည် အခု အစာစားရပဲ သေသော်လည်းသေပါစေ အစာမရှာတော့၊
ဘုရားကိုသာလျှင် ဖူးတော့မည်” ဟု ကြံလျက် ပဒုမမြတ်စွာဘုရားရှင်ကို ၇ ရက်လုံး ဖူး၍နေလေသည်။ ၇
လွန်သောအခါ ပဒုမမြတ်စွာဘုရားရှင်သည် သမာပတ်မှ ထပြီးသောအခါတွင် ခြသေ့င်္မင်းအတွက်
ထပ်မံ၍ ကောင်းမှုကုသိုလ်စိတ် ဖြစ်စေရန်အတွက် “ငါ၏ ရဟန်းသံဃာအပေါင်းသည်လည်း
ဒီနေရာသို့ ရောက်စေသတည်း” ဟု ကြံစည်လိုက်သည်နှင့် ကုဋေများစွာသော
သံဃာတော်အပေါင်းသည်လည်း ထိုကျောက်ဂူသို့ ခဏတွင်း ရောက်လာလေသည်။ ခြသေ့င်္မင်းသည်လည်း
ပဒုမမြတ်စွာဘုရားကိုသာမက သံဃာအပေါ်တွင်ပါ ကြည်ညိုသဒ္ဓါတိုးပွားလေသည်။ ထိုအခါ
ပဒုမမြတ်စွာဘုရားရှင်သည် ရဟန်းသံဃာအလယ်တွင် ခြသေ့င်္မင်းအား ညွှန်ပြလျက် “ဒီခြသေ့င်္မင်းသည်
အခုကမ္ဘာမှစပြီး နောက်ထပ် တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းကို လွန်မြောက်ပြီးသောအခါ
ဘုရားငါးဆူပွင့်မည့် တခုသော ဘဒ္ဒကမ္ဘာတွင် ဂေါတမဆိုတဲ့ဘွဲ့နဲ့ ငါကဲ့သို့ပင် သဗ္ဗညုတဉာဏ်တော်ကိုရသော
ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်ပေးလေသည်ကို ကြားသော ခြသေ့င်္မင်းသည်လည်း ထိုနေ့မှစကာ
ပါရမီတို့ကို ဖြည့်ကျင့်မည်ဟု ကြံစည်စိတ်ကူး၍ သတိကိုမြဲစွာ ထားတော်မူလေသည်။
အထူးမှတ်ရန်မှာ သက်တမ်းရှည်သော ကာလတွင် ပွင့်တော်မူကြသော ဘုရားရှင်တို့ ပရိနိဗ္ဗာန်
ဝင်စံကြသောအခါ အများအားဖြင့် ဓာတ်တော်များသည် သက်တော်ထင်ရှားတုံးက ကဲ့သို့ တပါင်းတည်းပင်
တည်နေလေသည်။ ယခု ပဒုမမြတ်စွာဘုရားရှင်ပွင့်သည့်ကာလမှ အသက်တစ်သိန်းတမ်းပင်ဖြစ်သော်လည်း
ပရိနိဗ္ဗာန်ပြုသောအခါ ယခုအသက်တစ်ရာတမ်းတွင့် ပွင့်တော်မူသော ဂေါတမမြတ်စွာဘုရားရှင်ကဲ့သို့ပင်
ဓာတ်တော်တို့မှာ အစိတ်စိတ်အမွှာမွှာကွဲ၍ နေရာအနှံ့ပြားတွင် အပူဇော်ခံယူကြလေသည်။
ထိုသို့ဖြစ်ရခြင်းမှာ မြတ်စွာဘုရားရှင်တို့သည် ပရိနိဗ္ဗာန်ဝင်စံခါနီးတွင် မိမိပရိနိဗ္ဗာန်ပြုပြီးသောအခါ
ဓာတ်တော်တို့သည် တစုတည်းဖြစ်လျှင် လူနတ်ဗြဟ္မာတို့အတွက် ပို၍ အကျိုးရှိနိုင်မလား၊ အစိတ်စိတ်ဖြစ်လျှင်
ပို၍ အကျိုးရှိမလားဟု ဆင်ခြင်လျက် တစုတည်းဖြစ်လျှင် ပို၍ အကျိုးရှိမည်ကို မြင်လျှင်
“ငါ၏ဓာတ်တော်တို့သည် ပရိနိဗ္ဗာန်ပြုပြီးနောက် မီးသင်္ဂြိုလ်ပြီးသည်ရှိသော်လည်း
သက်ရှိထင်ရှားတုံးကသကဲ့သို့ တစုတည်းသာဖြစ်ပါစေ” ဟု အဓိဋ္ဌာန်လေသည်။ အစိတ်စိတ်ဖြစ်လျှင် ပို၍
အကျိုးရှိမည်ဆိုပါက “ငါ၏ဓာတ်တော်များသည် ပရိနိဗ္ဗာန်ပြုပြီးနောက် မီးသင်္ဂြိုလ်ပြီးသည်ရှိသော်
အစိတ်စိတ်အမွှာမွှာ ဖြစ်စေသတည်း” ဟု အဓိဋ္ဌာန်တော်မူကြလေသည်။ သက်တော်ထင်ရှား ရှိချိန်တွင်လည်း
ကျွတ်ထိုက်သူများကို မနားမနေ ချေချွတ်တော်မူတတ်သကဲ့သို့ ပရိနိဗ္ဗာန်ပြုပြီးသောအခါတွင်လည်း ကျန်သည့်
ဓာတ်တော်များကို အလကားမထား သတ္တဝါတို့၏ ကောင်းကျိုးကိုသာ
ရည်စူးတတ်သော မြတ်စွာဘုရားရှင်တို့၏ သတ္တဝါတို့အပေါ် ထားရှိသော မဟာကရုဏာတော်ကို သိရှိခံစား
ပူဇော်နိုင်ကြပါစေ…………။
https://www.facebook.com/mudonwaingaung


ဇော်ထက်မောင်

0 comments:

Post a Comment