ဗုဒ္ဓံ ဓမ္မံ သံဃံ









Monday, May 4, 2015

"ကောဏာဂါမနမြတ်စွာဘုရားရှင် ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း"

ကကုသန္ဓမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် လူတို့သက်တမ်းမှာ လေးသောင်းတမ်းမှ
၁၀ နှစ်တမ်းသို့ ဆုတ်ယုတ်လျော့ကျသွားလေသည်။ ထိုမှတဖန် အသင်္ချေတမ်းသို့ပြန်တက်ပြီးနောက်
လူတို့၏သက်တမ်း အနှစ်သုံးသောင်း (၃၀၀၀၀) တမ်းသို့ ပြန်၍ရောက်လာချိန်ဖြစ်သည်။ ထိုအချိန်တွင်
လူအများလက်ခံထားသော မျိုးရိုးဆိုင်ရာအယူအဆမှာလည်း လူမျိုး လေးမျိုးရှိသည့်အနက်
ပုဏ္ဏားမျိုးကအမြတ်ဆုံးဟု ယူဆနေချိန်လည်း ဖြစ်လေသည်။ ပါရမီရင့်သန်နေသော တုသိတာနတ်ပြည်ရှိ
ဘုရားအလျာ နတ်သားသည်လည်း နတ်တို့သက်တမ်း ပြည့်နေပြီး စကြဝဠာတိုက်တစ်သောင်းရှိ
နတ်ဗြဟ္မာအပေါင်းတို့က အလောင်းတော်နတ်သားကို ဘုရားဖြစ်ရန် တောင်းပန်ကြလေသည်။ ထိုအခါ
အလောင်းတော် နတ်သားသည်လည်း ကြည့်ခြင်းငါးပါးဖြင့် ကြည့်တော်မူကာ ဘုရားဖြစ်ချိန်တန်ကြောင်း
သိသဖြင့် ဘုရားဖြစ်ရန်ဝန်ခံတော်မူကာ သောဘဝတီမင်းနေပြည်တော်ရှိ မင်းဆရာ ယညဒတ္တ
ပုရောဟိတ်ပုဏ္ဏားကြီး၏ ပုရောဟိတ်ကတော် ဥတ္တရာ၏ဝမ်းတွင် ပဋိသန္ဓေယူတော်မူလေသည်။
အချိန်စေ့မြောက် ၁၀ လသို့ ရောက်သောအခါ သုဘဝတီဥယျာဉ်တော်တွင်း၌ ဖွားမြင်တော်မူလေသည်။
အလောင်းတော်ဖွားမြင်သည့်အခါတွင် ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ရွှေမိုးများရွှာသွန်းလေသောကြောင့်
“ကနကာဂမန” သတို့သားဟု အမည်ပေးကြရာ ကာလရှည်လာသောအခါ ကောဏဂါမနသတို့သား ဟု
အမည်တွင်လေသည်။
အရွယ်ရောက်လာသောအခါ ရုစိဂတ္တာပုဏ္ဏေးမနှင့် ထိမ်းမြားလျက် လူ့စည်းစိမ်ကို အနှစ် သုံးထောင်
(၃၀၀၀) ပတ်လုံး စံစားတော်မူလေသည်။ ကြင်သူသက်ထား ရုစိဂတ္တာပုဏ္ဏေးမမှ သားတော်
သတ္ထဝါဟသတို့သားကို ဖွားမြင်သောနေ့တွင် ရဟန်းနိမိတ်ကိုမြင်ပြီးဖြစ်သော
အလောင်းတော် ကောဏာဂါမနသတို့သားသည် ထိုနေ့ညတွင်ပင်
ဆင်ယဉ်ကိုစီး၍ တောထွက်တော်မူလေသည်။
ထိုသတင်းကိုကြားသော ယောက်ျားသုံးသောင်းတို့သည်လည်း အလောင်းတော်သတို့သားကို အတုလိုက်၍
ရဟန်းဝတ်ကြကုန်လေသည်။
ဒုက္ကရစရိယာအကျင့်ကို ခြောက်လကြာအောင် ကျင့်တော်မူပြီးနောက်
ကဆုန်လပြည့်နံနက်ပိုင်းသို့ ရောက်လာလေသည်။ စောစီးစွာ ဆွမ်းခံကြွတော်မူရာ
အဂ္ဂိသောနာပုဏ္ဏေးမလှူဒါန်းသော နို့ဃနာဆွမ်းကို အလှူခံရရှိတော်မူလေသည်။
ညနေချမ်းသို့ရောက်သောအခါ အခြံရံများအားလုံးကို စွန့်ကာ မဟာဗောဓိပင် (ရေသဖန်းပင်) သို့
တကိုယ်တည်း ကြွသွားတော်မူသည်ရှိသော် လမ်းခရီးအကြားတွင် ဂျုံခင်းစောင့်လယ်သမား
ဇဋာတိန္ဒုကလှူဒါန်းသော မြက်ရှစ်ဆုပ်ကို အလှူခံရရှိတော်မူလေသည်။
ထို့နောက် အပရာဇိတပလ္လင်တော်ပေါ်တွင် “ငါ၏ ဒီခန္ဓာကိုယ်ကြီးတွင် အရေခွံပဲကျန်ကျန်၊
အကြောပဲကျန်ကျန်၊ အရိုးပဲဖြစ်ဖြစ်၊ ငါ့တကိုယ်လုံးရှိသမျှ အသွေးအသားတွေ ကုန်သွားစမ်းပါစေ
ဘုရားမဖြစ်သမျှ ဒီပလ္လင်ပေါ်က ငါလုံးဝမထ” ဆိုတဲ့ အင်္ဂါလေးပါးနဲ့ ပြည့်စုံတဲ့
ဝီရိယကို ပြုတော်မူကာ ဒေဝပုတ္တမာရ်နတ်ရန်ကို ကောင်းစွာအောင်တော်မူပြီးနောက် ညဥ့်ဦးယံတွင်
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်၊ သန်းခေါင်ယံအချိန်တွင် ဒိဗ္ဗစက္ခုဉာဏ်တော်၊ မိုးသောက်ယံတွင်
အာသဝက္ခယ ဉာဏ်တော်ကြီးနှင့်အတူ သဗ္ဗညုတဉာဏ်တော်ကြီးကိုပါ တပါတည်းရ၍
ဘုရားအဖြစ်ကို ရောက်တော်မူလေသည်။ ဘုရားဖြစ်ပြီးနောက် မဟာဗောဓိရေသဖန်းပင်
အနီးဝန်းကျင်တွင် သတ္တသတ္တာဟ စံနေတော်မူပြီးနောက်
တရားဦးဟောရန်အတွက် ဗြဟ္မာမင်းက တောင်းပန်သဖြင့် ဦးစွာဟောသင့်သူကို
ဆင်ခြင်တော်မူလေသည်။ ထိုအခါ ကိုယ်တော်မြတ်နှင့် ၁၈ ယူဇနာဝေးကွာသော သုဒဿနမြို့အနီး
သားရဲတိရစ္ဆာန်ဘေးမဲ့တောတွင်းရှိ အတူရဟန်းပြုဖက်ဖြစ်သော သုံးသောင်းကုန်သော
ရဟန်းတော်တို့ကို မြင်တော်မူလေသည်။ ထို့ကြောင့် ထိုအရပ်သို့ ကောင်းကင်ခရီးဖြင့်
ကြွသွားတော်မူကာ ရှေးရှေးသော ဘုရားရှင်တို့ ဦးစွာပထမဟောကြားမြဲဖြစ်သော
ဓမ္မစကြာဒေသနာတော်ကို ကောင်းစွာ ဟောကြားတော်မူလေသည်။ ကောဏာဂါမနမြတ်စွာဘုရားရှင်၏ မြ
တ်သော အဂ္ဂသာဝကမထေရ်မြတ်နှစ်ပါးမှာ ဘိယျောသယမထေရ်နှင့် ဥတ္တရမထေရ်တို့ဖြစ်ပြီး
အလုပ်ကျွေးရဟန်းတော်မှာ သောတ္ထိဇမထေရ်ဖြစ်လေသည်။
ဘုန်းတော်ကြီးမြတ်တော်မူသော ကောဏာဂါမနမြတ်စွာဘုရားရှင်သည် ပဗ္ဗတအရာမ်ကြီးတွင် ပရိနိဗ္ဗာန်
ဝင်စံတော်မူပြီး အဓိဋ္ဌာန်ချက်ကြောင့် ဓါတ်တော်များမှာ အစိတ်စိတ်ဖြစ်လျက် နေရာအနှံ့အပြားတွင်
အပူဇော်ကို ခံယူတော်မူကြလေသည်။
ကောဏာဂါမနမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူလာချိန်၌ စစ်အင်အားကြီးမားသော မိထိလာမြို့တော်တွင်
ပဗ္ဗတမင်း အုပ်စိုး၍ နေလေသည်။ မြတ်စွာဘုရားရှင်သည် ထိုအရပ်သို့ ကြွရောက်လာကြောင်းကို
ပဗ္ဗတမင်းကြီး ကြားသိလျှင် နှစ်သက်ဝမ်းမြောက်ကာ ကောဏာဂါမနမြတ်စွာဘုရားနှင့်တကွ
သံဃာတော်မြတ်များအားလုံးကို အလှူကြီးပေး၍ ပူဇော်လေသည်။ ထိုမျှမက
မင်းကြီးသည် မြတ်စွာဘုရားရှင်ကို မိမိတို့မြို့တော်တွင် ဝါကပ်တော်မူရန် ခွင့်ပန်ပြီးနောက်
ဝါတွင်းသုံးလပတ်လုံး အလှူကြီးပေးခြင်း၊ သူမြတ်တို့နှင့်သာထိုက်တန်သော အဝတ်သင်္ကန်းများလှူခြင်း
စသည်ဖြင့် ဒါနကောင်းမှုကို ပြုတော်မူလေသည်။ ထိုအခါ ကောဏာဂါမနမြတ်စွာဘုရားရှင်သည်
အနာဂတ္တံဉာဏ်တော်တွင် ထင်မြင်တော်မူသည့်အတိုင်း “အသင်မင်းကြီး၊ ဤဘဒ္ဒကမ္ဘာတွင်
ငါဘုရားပရိနိဗ္ဗာန်ဝင်စံပြီးနောက် ကဿပမြတ်စွာဘုရားရှင် ပွင့်ပေလိမ့်မည်၊ ထိုမြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်
ဝင်စံတော်မူပြီးနောက် အသင်မင်းကြီးသည် ဂေါတမဆိုတဲ့ဘွဲ့အမည်ဖြင့်
ငါကဲ့သို့ပင် လောကသုံးပါးတွင်အတုမရှိသော ဘုရားစင်စစ် ဖြစ်ပေလိမ့်မည်” ဟု
ဗျာဒိတ်ပေးတော်မူလေသည်။ ထိုအခါ အလောင်းတော် ပဗ္ဗတမင်းကြီးသည် သဒ္ဓါတရားများ
တိုးပွားလာပြီးနောက် “ဘုရားရှင်တို့၏စကားသည် လွဲနိုင်ရိုးမရှိသောကြောင့် ငါသည် ဧကန်ပင်
ဘုရားဖြစ်မည့်သူဖြစ်ပေမည်။ ဘုရားအလျာဖြစ်သောငါသည် လူဝတ်ကြောင်ဖြင့် နေခြင်းသည်
လုံးဝမသင့်တော်” ဟု အကြံဖြစ်ကာ ကြီးစွာသော ထီးနန်းစည်းစိမ်ကို တံတွေးပေါက်သကဲ့သို့
စွန့်လွှတ်၍ ကောဏာဂါမနမြတ်စွာဘုရားရှင် ထံတော်တွင် ရဟန်းပြုကာ
ပါရမီတော်တို့ကို ကောင်းမွန်ရိုသေစွာ ဖြည့်ကျင့်တော်မူသတည်း။
ဇော်ထက်မောင်



0 comments:

Post a Comment