မင်္ဂလမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် အသက်ကိုးသောင်းတမ်းမှ ဆုတ်ယုတ်လာလျက်
၁၀ နှစ်တမ်းသို့ရောက်ပြီး၊ ထို ၁၀ နှစ်တန်းမှ အသင်္ချေတမ်းသို့တိုင်အောင် ပြန်တက်၊ ထို အသင်္ချေတမ်းမှသည်
အသက် ကိုးသောင်း (၉၀၀၀၀) တမ်းသို့ ပြန်ဆုတ်လာသည်ရှိသော် သုမနမြတ်စွာဘုရားအလောင်းတော်သည်
ပါရမီဖြည့်ခြင်း၏ အထွဋ်ထိပ်သို့ ရောက်သဖြင့် နောက်ဆုံးဘဝ ဘုရားဖြစ်ရန်အလို့ငှာ မေခလမြို့၊
သုဒတ္ထမင်းကြီး၏ သီရိမာဒေဝီမိဘုရားကြီးထံတွင် ပဋိသန္ဓေ ယူလေသည်။
ဝဋံသိကာ မိဖုရားကြီးနှင့်အတူ နန်းစည်းစိမ်ကို အနှစ်ကိုးထောင် (၉၀၀၀) စံစားတော်မူပြီးနောက် သားတော်
အနုပမ ကို ဖွားမြင်ပြီးသောအခါ နိမိတ်ကြီးလေးပါးကို မြင်၍ သံဝေဂရပြီး
ဆင်ယာဉ်ကိုစီး၍ တောထွက်တော်မူလေသည်။ ထိုအခါ ကုဋေသုံးဆယ်သော လူအပေါင်းတို့သည်
အလောင်းတော်ကို အတုလိုက်ပြီး ရဟန်းဝတ် တောထွက်ကြလေသည်။ အလောင်းတော်သည် ဒုက္ကရစရိယကို
ဆယ်လကျင့်ပြီး နောက်ဆုံး ဘုရားဖြစ်မည့်နေ့ ကဆုန်လပြည့်နံနက်ပိုင်းတွင် အနောမရွာရှိ အနောမသူဌေး၏
သမီးဖြစ်သူ အနုပမာကပ်လှူသော နို့ဃနာကို ဘုန်းပေးပြီး ညနေစောင်းသောအခါ အခြံအရံတို့ကို စွန့်ခွာလျက်
မဟာဗောဓိပင် (ကံ့ကော်ပင်) သို့ ရှေ့ရှုကြွတော်မူလေသော်
လမ်းခရီးအကြားတွင် မြက်ရိတ်တက္ကတွန်းတယောက် ကပ်လှူသော မြက်ရှစ်ဆုပ်ကို အလှူခံလေသည်။
ဘုရားဖြစ်ပြီးနောက် ဗြဟ္မာမင်း တောင်းပန်သဖြင့် တရားဟောရန် ဆင်ခြင်တော်မူသောအခါ မိကွဲ ဖတူ
ညီတော် သရဏမင်းသားနဲ့ ပုရောဟိတ်ရဲ့သား ဘာဝိတတ္တလုလင်တို့ကို အမှူးပြုပြီး ကိုယ်တော်မြတ်နှင့်
အတူ တောထွက်ရဟန်းဝတ်သော ကုဋေသုံးဆယ်သော ရဟန်းတို့ကို ဦးစွာပထမ တရားဟောရန်အတွက်
တစ်ဆယ့်ရှစ်ယူဇနာဝေးသော မေခလမြို့ရှိ မေခလဥယျာဉ်ဆီသို့ ကောင်းကင်ခရီးဖြင့် ကြွရောက်ပြီး
ဓမ္မစက္ကပဝတ္တနသုတ္တံကို ဟောကြားတော်မူလေသည်။ သုမနမြတ်စွာဘုရားရှင်၏ လက်ယာရံ အဂ္ဂသာဝကမှာ
သရဏမထေရ်၊ လက်ဝဲရံအဂ္ဂသာဝကမှာ ဘာဝိတတ္တမထေရ်ဖြစ်ပြီး အလုပ်ကျွေးမှာ
ဥဒေနမထေရ်ဖြစ်လေသည်။ အင်္ဂဥယျာဉ်တော်ကြီးတွင် ပရိနိဗ္ဗာန်ပြုတော်မူကာ ဓါတ်တော်များမှာ
တစုတည်း တပေါင်းတည်း တည်ရှိလေသည်။
သုမနမြတ်စွာဘုရားရှင် ပွင့်တော်မူသောအခါ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် တန်ခိုးကြီးသော
နဂါးမင်းဖြစ်လျက် အတုလ ဟု အမည်တွင်လေသည်။ သုမနမြတ်စွာဘုရားရှင် ပွင့်တော်မူကြောင်း
ကြားသိသောအခါ မိမိဆွေမျိုးများနှင့်အတူ ရဟန္တာကုဋေတစ်သိန်း အခြံရံရှိသော သုမနမြတ်စွာဘုရားရှင်ကို
သွားရောက် ဖူးမြှော်ပြီးနောက် ဆွမ်း၊ သင်္ကန်းများဖြင့် အလှူကြီးစွာပေးပြီးသော်
သရဏဂုံ ဆောက်တည်လေသည်။ ထိုအခါ သုမနမြတ်စွာဘုရားရှင်က အလောင်းတော်အတုလနဂါးမင်းကို
“သင်သည် ဤကမ္ဘာမှ နောက်ထပ် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်သောအခါ တခုသော
ဘဒ္ဒကမ္ဘာတွင် ဂေါတမဆိုတဲ့ ဘွဲ့အမည်နဲ့ ငါကဲ့သို့ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မယ်” ဟု
ဗျာဒိတ် ပေးတော်မူသောအခါ အလောင်းတော် အတုလနဂါးမင်းသည် အလွန်နှစ်ထောင်းအားရခြင်းဖြစ်လျက်
ပါရမီတော်တို့ကို အားတက်သရော ကောင်းစွာ ဖြည့်ကျင့်တော်မူလေသည်။
https://www.facebook.com/mudonwaingaung
ဇော်ထက်မောင်
Friday, May 1, 2015
Home »
» "ဂေါတမမြတ်စွာဘုရားအလောင်းတော် သုမနမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း"








0 comments:
Post a Comment