ဗုဒ္ဓံ ဓမ္မံ သံဃံ









Wednesday, May 6, 2015

"ဂေါတမမြတ်စွာဘုရားအလောင်းတော် ဓမ္မဒဿီမြတ်စွာဘုရားရှင်ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း"

အတ္ထဒဿီမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးနောက် လူတို့သက်တမ်းမှာ ၁၀ နှစ်တမ်းသို့
တဖြည်းဖြည်း ကျဆင်းသွားခဲ့လေသည်။ ထို့နောက် အသင်္ချေတမ်းသို့ပြန်တက်ပြီး ထိုအသင်္ချေတမ်းမှ
အသက်တစ်သိန်းတမ်း (၁၀၀၀၀၀) သို့ပြန်ရောက်လေသောအခါ ပါရမီရင့်သန်ပြီးဖြစ်သော
ဓမ္မဒဿီမြတ်စွာဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်မှစုတေပြီး သရဏနေပြည်တော်၊
သရဏမင်းကြီး၏ သုနန္ဒာဒေဝီမိဖုရားကြီးထံတွင် ကိန်းဝပ်ကြည်ဖြူ ပဋိသန္ဓေယူတော်မူလေသည်။ ထို့နောက်
၁၀ လစေ့မြောက်သောအခါ ထိုနေပြည်တော်ရှိ သရဏမင်းဥယျာဉ်တော်တွင်း၌
ဖွားမြင်တော်မူလေသည်။ ရှေးဘဝကအဓိကာရကုသိုလ်ကောင်းမှု တခုကြောင့်ပင် အလောင်းတော်
ဖွားမြင်တော်မူသောအခါတွင် တရားနှင့်လျော်ညီခြင်းမရှိသော ကျမ်းစာများ၊ ဓမ္မသတ်များ၊ စာပေများအားလုံး
အလိုလိုကွယ်ပျောက်ကာ စစ်မှန်သော တရားများသာကျန်ရှိလေသည်။ ထို့ကြောင့်လည်း ဓမ္မဒဿီမင်းသားဟု
အမည်ပေးကြလေသည်။
အရွယ်သို့ရောက်လာသောအခါ ဝိစိကောဠိမိဖုရားကြီးနှင့်အတူ ထီးနန်းစည်းစိမ်ကို အနှစ် ရှစ်ထောင်
(၈၀၀၀) ပတ်လုံး စံစားတော်မူကာ မိဖုရားကြီးမှ ပုညဝဍ္ဎသားတော်ကို ဖွားမြင်သောနေ့တွင်ပင်
နိမိတ်ကြီးလေးပါးလုံးကို မြင်ပြီးဖြစ်လေသည်။ ထို့ကြောင့် သန်းခေါင်ယံအချိန်သို့ ရောက်သောအခါ
သံဝေဂဉာဏ်အထွဋ်ထိပ်သို့ ရောက်သဖြင့် တောထွက်တော်မူလိုသည့် စိတ်အကြံတော်ဖြစ်လေသည်။
ထိုအခါ ရွှေနန်းတော်ကြီးမှာ မိုးပေါ်သို့အလိုလိုပျံတက်သွားကာ မဟာဗောဓိပင် (မျက်နှာပန်းပင်) အနီးသို့
သက်ရောက်လေသည်။ ထိုအခါ နန်းတော်တွင် ပါလာသော မင်းမိန်းမများမှာ ဝေးရာသို့
အလိုလိုသွားရောက်ကြပြီး ပါလာကြသော မင်းချင်းယောက်ျားစစ်သားများမှာ အလောင်းတော်ကို
အတုလိုက်ပြီး ရဟန်းဝတ်ကြလေရာ တစ်ကုဋေနှင့် တစ်သိန်း အရေတွက်ရှိကြလေသည်။
အလောင်းတော်ဓမ္မဒဿီမင်းသားလည်း ဒုက္ကရစရိယာကို ၇
ရက်ကြာကျင့်တော်မူပြီး နောက်ဆုံးဘုရားဖြစ်မည့်နေ့ ကဆုန်လပြည့် နံနက်ပိုင်းသို့ ရောက်လေသည်။ လူ့ဘဝမှ
မိဖုရားကြီးဖြစ်ခဲ့သော ဝိစိကောဠိ ကပ်လှူသည့် နို့ဃနာဆွမ်းကို ဘုန်းပေးတော်မူကာ
ညနေချမ်းသို့ရောက်သောအခါ မဟာဗောဓိပင်ရင်းသို့ တစ်ပါးတည်းကြွတော်မူလေသည်။
မုယောခင်းစောင့်သည့် (ဂျုံခင်း) သီရိဝဍ္ဎနလှူဒါန်းသော မြက်ရှစ်ဆုပ်ကို အလှူခံရရှိတော်မူလေသည်။
ထို့နောက် မာရ်နတ်ရန်ကို အောင်တော်မူပြီးနောက် ညဥ့်သုံးယံပတ်လုံး
အားထုတ်တော်မူရာ နေရာရုဏ်တက်သည်နှင့်ပင် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူကာ ဘုရားစင်စစ်
ဧကန်ဖြစ်လေသည်။ သတ္တသတ္တာဟ စံနေတော်မူပြီးနောက် တရားဦးဟောသင့်သူကို
ဆင်ခြင်တော်မူသောအခါ ကိုယ်တော်မြတ်နှင့် ၁၈ ယူဇနာဝေးကွာသည့်အရပ်တွင်ရှိ သမင်ဘေးမဲ့တောဟု
အမည်ရသည့် ဣသိပတနမိဂဒါဝုန်တောတွင်းရှိ ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုဖက်
တစ်ကုဋေတစ်သိန်းသောရဟန်းတို့ကို ဦးစွာပထမ ဓမ္မစကြာဒေသနာတော်ကို ဟောကြားတော်မူလေသည်။
အဂ္ဂသာဝက မထေရ်မြတ်နှစ်ပါးမှာ ပဒုမမထေရ်နှင့် ဖုဿဒေဝမထေရ်ဖြစ်ပြီး အလုပ်ကျွေးရဟန်းတော်မှာ
သုနေတ္တမထေရ်ဖြစ်လေသည်။ ပရိနိဗ္ဗာန်ဝင်စံတော်မူရာ အရပ်မှာသာလဝတီမြို့
သာလာရာမအရာမ်ကြီးတွင်ဖြစ်ပြီး အဓိဋ္ဌာန်ချက်ကြောင့် ဓါတ်တော်များမှာ တစုတည်း တပေါင်းတည်း
တည်ရှိကြလေသည်။
ထိုသို့ ဓမ္မဒဿီမြတ်စွာဘုရား ပွင့်တော်မူသောအခါ တာဝတိံသာနတ်ပြည်တွင် ဂေါတမဘုရား
အလောင်းတော်မှာ သိကြားမင်းဖြစ်၍နေလေသည်။ တနေ့သောအခါ စတုမဟာရာဇ်နှင့်
တာဝတိံသာနတ်ပြည်ရှိ နတ်သားများအားလုံး ခြံရံကာ ဓမ္မဒဿီမြတ်စွာဘုရားထံသို့ သွားရောက်ပြီး
နတ်ပြည်တွင်ရှိသော နတ်ပန်းများစွာဖြင့် ပူဇော်လေသည်။ ထိုအခါ ဓမ္မဒဿီမြတ်စွာဘုရားရှင်မှ
အလောင်းတော်သိကြားမင်းအား “သင်သိကြားမင်းသည် နောက်ထပ် ကမ္ဘာ ၁၈၀၀ ကိုလွန်သောအခါ
ဘုရားငါးဆူပွင့်တော်မူရာ ဘဒ္ဒကမ္ဘာတခု ဖြစ်လိမ့်မည်။ ထိုဘဒ္ဒကမ္ဘာတွင် ဂေါတမဆိုတဲ့ဘွဲ့အမည်နဲ့
ငါကဲ့သို့ပင် ဘုရားစင်စစ်ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်ပေးတော်မူလေသည်။ ထိုအခါ အလောင်းတော်
သိကြားမင်းသည်လည်း အလွန်ပျော်ရွှင်နှစ်သက်ကာ ပါရမီ၁၀ပါးလုံးကို သေချာစွာ ကျင့်ကြံတော်မူလေသည်
https://www.facebook.com/mudonwaingaung

ဇော်ထက်မောင် 

0 comments:

Post a Comment